လူ့အခွင့်အရေး အခြေအနေ သိသာတိုးတက်မှု မရှိသေး

လက်ရှိအစိုးရလက်ထက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသာတဲ့တိုးတက်လာမှု မရှိသေးကြောင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေးကော်မတီ(ရန်ကုန်)က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၆၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကို ရန်ကုန်မြို့ သခင်မြပန်းခြံမှာ ဒီဇင်ဘာလ ၁ဝ ရက်နေ့ကကျင်းပစဉ် Photo: Aung Thyei Kha/ RFA

လက်ရှိအစိုးရလက်ထက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သိသာတဲ့တိုးတက်လာမှု မရှိသေးကြောင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေးကော်မတီ(ရန်ကုန်)က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နဲ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အချို့သောဥပဒေတွေက အကာအကွယ်ပေးနေတာ ပြည်သူလူထုကို အကျိုးမပြုဘဲ ဖိနှိပ်တဲ့ ဥပဒေတွေကို မပယ်ဖျက်နိုင်သေးတာတွေဟာ အဓိကစိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးကို အမှန်တကယ် လေးစားလိုက်နာပြီး ကာကွယ်မြှင့်တင်လိုတဲ့ အစိုးရတစ်ရပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုတွေကို လုံးဝရပ်စဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့၊ ပြည်တွင်း ပြည်ပဒုက္ခသည်တွေ စိတ်ချလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ မတရားဖိနှိပ်တဲ့ ဥပဒေတွေကြောင့် အရေးယူခံထားရသူတွေ တရားရင်ဆိုင်နေရသူတွေ ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ပြည်သူတွေရဲ့ အခွင့်အရေးအပေါ် ဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ပေးဖို့ တို့ကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းတွေအပါအဝင် ဌာနေလူမျိုးတွေအပါအဝင် လူနည်းစုတွေ အပေါ် ကာကွယ်ပေးမယ့် ဥပဒေသစ်တွေကို ပြဌာန်းပေးဖို့၊ တရားစီရင်ရေးကဏ္ဍကို ကြိုးကိုင် စွက်ဖက်မှုတွေ ရပ်တန့်ပြီး အဂတိလိုက်စားမှုတွေကို ထိရောက်စွာ အရေးယူပေးဖို့၊ ပြည်သူတွေ အားကိုး ယုံကြည်ရမယ့် လူ့အခွင့်အရေးတိုင်ကြားမှု ယန္တရားတွေ ဖော်ဆောင်ပေးဖို့၊ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေကို ကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ ပြဌာန်းပေးဖို့တို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရေးအတွက် အစိုးရအနေနဲ့ စဉ်းစားသင့်ကြောင်း နိုင်ငံတော်သမ္မတထံ တင်ပြထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တို့အပြင် တခြားမြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org