လူကုန်ကူးသူ မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးမိ

ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (MAT) တို့ ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို သောကြာနေ့ ညက ဘန်ကောက်မြို့ တောင်ဘက် စမုတ်ဆောင်ခရမ်ခရိုင်၊ မဲခေါင် တံတားအနီးမှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်၊

အဲဒီမနက်က ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က အသက် ၃၀ အရွယ် ကိုဇော်နိုင်ဦးနဲ့ ကိုဦးဆိုသူတို့က ဆက်သွယ်အကြောင်းကြား လာတာကြောင့် မြန်မာနိုင်ငံသား (၂) ဦးကို ငွေပေးပြီး ပြန်ရွေးမယ်လို့ ပြောဆိုစီစဉ်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“မှောင်စပျိုးတော့ အဲဒီပွဲစားမကို မျောခေါ်ထုတ်ရတာပေါ့။ အလုပ်သမား၂ ယောက်အတွက် တစ်သောင်းခွဲနဲ့ ရွေးမယ်။ ဘယ်နားမှာ လာပေးမယ်ဆိုတာ မနက်ကတည်းက ကျွန်တော်တို့က အဲဒီအတိုင်း မျှားထားတာလေ။ မျှားထားတော့ အဲဒီအမျိုးသမီး က ကျွန်တော်တို့ကို အဲဒီတံတားနားက ဓာတ်ဆီဆိုင်မှာ လာခေါ်တယ်။ ဆဲဗင်းအလဲဗင်း မှောင်ရိပ်တစ်ခုမှာ သူကပြတယ်။ ဟိုမှာနော် နင်တို့လူ ၂ ယောက်။ ကျွန်တော်က ကားနောက်ဘက်က လူခြေထောက်ချတဲ့ကြားမှာကျွန်တော်က ဘေးတိုက် စောင်းပြီးတော့ ကင်မရာကိုင်ပြီးတော့ ပုန်းလာတယ်။ အဲဒီနားရောက်တော့ အဲဒီ အမျိုးသမီးက ဆိုင်ကယ်နဲ့ လာပြီးတော့ အတွင်းထဲမှာ ကျွန်တော် အိပ်နေတာကို မြင်သွားတယ်။ ဟာ နင်တို့ ဘာလုပ်ကြတာလဲ၊ ဘာလုပ်ကြတာလဲ အော်တော့ ကားသမား ယောင်ဆောင်ထားတဲ့ အဲဒီလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ရဲကနေပြီးတော့ သူ့ကို နောက်က ပိတ်လိုက်တယ်။ ကျွန်တော်က ပွဲစားမကြီးကို အင်္ကျီကို ဆွဲထားလိုက်တော့ ကျွန်တော်တို့ ဖမ်းမိခဲ့တာပေါ့”

လူကုန်ကူးခံရသူ နှစ်ဦးဟာ ဘားအံမြို့က ပွဲစားတစ်ဦးထံမှာ ကျပ်ငွေ ၅ သိန်းစီပေးပြီး စက်တင်ဘာလလယ်က ဘန်ကောက်မြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အဖမ်းခံရသူကတော့ ထားဝယ်ဇာတိဖြစ်သူ အသက် (၃၀) အရွယ် မစန္ဒာဌေး(ခေါ်) မကုလားမလို့ သိရပြီး သူမက ရဲစခန်းမှာ ဝန်ခံချက် ပေးတယ်လို့ သိရပါတယ်။

မစန္ဒာဌေးဟာ စက်တင်ဘာလ (၆) ရက်နေ့ကလည်း မြန်မာနိုင်ငံက လူ (၂၀) လောက်ကို ထိုင်းနိုင်ငံ စမုတ်ဆောင်ခရမ်ရှိ မဲခေါင်လှေဆိပ်နဲ့ ချွန်ဘူရီခရိုင်ရှိ အချောင်လှေဆိပ်တို့မှာ လှေလုပ်သားအဖြစ် ရောင်းချခဲ့ပြီး (၇) ရက်နေ့ မနက်မှာတော့ မြန်မာနိုင်ငံသား စုံတွဲတစ်တွဲကို အခြားနေရာ တစ်ခုကို ရောင်းချခဲ့ကြောင်း လွတ်မြောက်လာသူတွေက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org