တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့သူလေးဦးကို MNDAA နှစ်ရှည်ထောင်ချ

ပန်ဆိုင်းမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားတွေကိုပြန်ပေးဆွဲသူ လေးဦးကို နှစ်ရှည်ထောင်ဒဏ်တွေချလိုက်တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူလေးဦးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြစ်ဒဏ်စီရင်ခဲ့စဉ်။ The Kokang

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားတွေကိုပြန်ပေးဆွဲခဲ့တဲ့ အမျိုးသားလေးဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းအထိ ပြန်ပေးဆွဲမှုပေါင်း ၁၃ မှု ကျူးလွန်ခဲ့ပြီး ပြန်ပေးဆွဲခံရတဲ့အထဲ တရုတ်နိုင်ငံသား ၁၄ ဦး ပါဝင်တယ်လို့ဆိုပါတယ်။

ပြန်ပေးဆွဲပြီး တရုတ်နိုင်ငံသားတွေထံကနေ ငွေတောင်းတာအပြင် လူကိုပါ ပြန်လည် ရောင်းချခဲ့ကြောင်းကို ကာယကံရှင်တွေကိုယ်တိုင် ဝန်ခံထားတယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးမှုအပြီးမှာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေဖြစ်ကြတဲ့ အသက် ၄၁ နှစ်အရွယ် လီအင်ဖူးကို ထောင်ဒဏ် ၁၀ နှစ်၊ အသက် ၂၃ နှစ်အရွယ် ဟုတ်ချင်းပန်နဲ့ အသက် ၂၁ နှစ်အရွယ် ရန်မင်းဟွေတို့ကို ထောင်ဒဏ်ရှစ်နှစ်စီ ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။

ပြစ်မှုကျူးလွန်ဖို့ကူညီတယ်ဆိုတဲ့ အသက် ၃၇ နှစ်အရွယ် ရှမ်းတိုင်းရင်းသား အိုက်မောင် ကိုတော့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ကဖော်ပြထားပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက လီအင်ဖူး၊ ဟုတ်ချင်းပန်၊ ရန်မင်းဟွေတို့ဟာ ပန်ဆိုင်းမြို့ကဖြစ်ပြီး အိုက်မောင်ကတော့ လားရှိုးမြို့ကဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲက လီအင်ဖူးနဲ့ ဟုတ်ချင်းပန်ဟာ စစ်ကောင်စီလက်အောက်ခံ မုံးကိုးပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ကိုးကန့်တပ်ဖွဲ့က ဖော်ပြထားပါတယ်။

ပြန်ပေးဆွဲမှုအတွင်း တရုတ်ငွေ လေးသိန်းရှစ်သောင်းနဲ့ မြန်မာငွေသိန်း ၃၈၀ ရရှိခဲ့ပြီး အဲဒီငွေတွေကို ပြန်ပေးဆွဲသူတွေ မျှဝေသုံးစွဲခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

မျှဝေသုံးစွဲသူတွေထဲမှာ ပန်ဆိုင်းရဲစခန်းက တာဝန်ရှိသူတွေပါဝင်ကြောင်း ပြစ်မှု ကျူးလွန်သူတွေက ထွက်ဆိုခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ ဒီအပေါ် အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစု၀င်တွေဘက်ကတုံ့ပြန်မှုရဖို့ RFA က ကြိုစားဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ မရခဲ့ပါဘူး။

မေ ၂ ရက်နေ့မှာလည်း လားရှိုးမြို့အတွင်း လူသတ်ပြန်ပေးဆွဲမှုကျုးလွန်တယ်ဆိုတဲ့ အမျိုးသားလေးဦးကို MNDAA အထူးဒေသ (၁) ယာယီတရားစီရင်ရေးက ပထမဆုံးအကြိမ် အများရှေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ်အတွင်း အသက်ရှစ်နှစ်အရွယ် မြန်မာပြည်ဖွား တရုတ်လူမျိုး ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ အမျိုးသားနှစ်ဦးထဲက တစ်ဦးကို သေဒဏ်စီရင်ခဲ့ပြီး တစ်ဦးကို ထောင်တစ်သက်ချမှတ်ခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့အနေနဲ့ အများပြည်သူရှေ့မှာ အခုလိုအရေးယူတာဟာ အခုတစ်ကြိမ်က တတိယအကြိမ် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org