လူကုန်ကူးမှုအဆိုးဝါးဆုံး အဆင့် ၃ နေရာမှာ မြန်မာနိုင်ငံ ဆက်ရှိနေ

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာ ဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ၂ဝ၂၄ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဝင်ပေါက်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာ ဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ၂ဝ၂၄ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုပပျောက်ရေး ဆောင်ရွက်မှုစံနှုန်းတွေကို မပြည့်မီသလို သိသာထင်ရှားတဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လူကုန်ကူးမှုနဲ့ အဓမ္မလုပ်သားစေခိုင်းမှုတွေမှာ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံ ၁၃ နိုင်ငံ စာရင်းမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ကလေးစစ်သားတွေ ဆက်လက်စုဆောင်းနေသလို ကလေးသူငယ်နဲ့ အရွယ်ရောက်ပြီးသူတွေကို အဓမ္မလုပ်သားစေခိုင်းတာတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှုပပျောက်ရေး သိသာထင်းရှားတဲ့ ကြိုးပမ်းမှုမရှိခဲ့ပေမယ့် လူကုန်ကူးတယ်လို့ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးအရေးယူတာနဲ့ အသိပညာပေးမှုတွေဆောင်ရွက်နေတဲ့အကြောင်း စစ်ကောင်စီက တင်ပြခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ပဋိပက္ခတွေကြောင့် လူသုံးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီလူတွေဟာ လူကုန်ကူးခံရနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုတွေဟာလည်း ဆက်တိုက်ကျဆင်းနေပြီး စစ်ကောင်စီဟာ တရားစီရင်ရေးကဏ္ဍကို ဦးစားပေးဖို့ထက် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေကို အရေးယူဖို့ အာရုံစိုက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံး နိုင်ငံ အဆင့် ၃ နေရာမှာ ဖော်ပြခံခဲ့ရတာပါ။

လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို ကမ္ဘာ့ ၁၈၈ နိုင်ငံက လူကုန်ကူးမှုအခြေအနေတွေကို ဆန်းစစ်လေ့လာပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org