အင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦးခန့် မြန်မာနိုင်ငံကို လူကုန်ကူးခံရ

RFA Burmese
2024.09.12
အင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦးခန့် မြန်မာနိုင်ငံကို လူကုန်ကူးခံရ ကမ္ဘောဒီးယားသို့ လူကုန်ကူးခြင်းခံထားရသည့် အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ်။ (ပုံအဟောင်း)
North Sumatra Provincial Police Photo

အင်ဒိုနီးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁၁ ဦးဟာ အဓမ္မအလုပ်စေခိုင်းဖို့အတွက် မြန်မာနိုင်ငံကို လူကုန်ကူးခံထားရတယ်လို့ အင်ဒိုနီးရှားအခြေစိုက် The Jakarta Globe က စက်တင်ဘာ ၁၂ ရက် ဒီနေ့ မှာ သတင်းဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၊ ဆူခါဘူမိမြို့မှာ နေထိုင်တဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ ကနဦး ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့သွားရာကနေ မြန်မာနိုင်ငံကို လူကုန်ကူးခံရတာလို့ ဒေသတွင်း အလုပ်သမား သမဂ္ဂတစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး အခုလို ဖော်ပြတာပါ။

သူတို့ဟာ ထိုင်းနိုင်ငံကို အဝင်ဗီဇာနဲ့ ဝင်ရောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ မြန်မာနိုင်ငံကို လွှဲပြောင်းခဲ့တာလို့ အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂဥက္ကဋ္ဌဖြစ်သူက The Jakarta Globe ကိုပြောပါတယ်။

အင်ဒိုနီးရှား အလုပ်သမားတွေဟာ ထိုင်းကုမ္ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့ အလုပ်ကောင်းကောင်းရဖို့ ကတိကဝတ်ရခဲ့တာကြောင့် သူတို့ဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်သွားတာလို့ ဆိုပါတယ်။

အဲဒီ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတစ်ခုမှာ ထိန်းသိမ်းခံထားရတာကြောင့် ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အခက်အဲခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှား အစိုးရက စက်တင်ဘာလ ၉ ရက်နေ့က ပြောကြားထားပါတယ်။

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ် ဖလူးမှာရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ရှာဖွေကယ်တင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားကြောင်း Benar News သတင်းဌာနကလည်း စက်တင်ဘာ ၁၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀၇ ဦးထဲက ၄၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၆၃ ဦးဟာ အကူအညီကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။