ရခိုင်ပြည်နယ်ကနေ တရုတ်ကို လူမှောင်ခိုပို့မူနဲ့ ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ နေထိုင်တဲ့ လူ ၂၃ ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်ပို့ဆောင်ပေးခဲ့တဲ့ ကျောက်တော်မြို့က ဦးထွန်းလှ ဆိုသူကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ နေထိုင်တဲ့ လူ ၂၃ ဦးကို တရုတ်နိုင်ငံမှာအလုပ်လုပ်ဖို့ တရားမဝင်ပို့ဆောင်ပေးခဲ့တဲ့ ကျောက်တော်မြို့က ဦးထွန်းလှ ဆိုသူကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

သူ့ကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအက်ဥပဒေနဲ့ အရေးယူထားတယ်လို့ အပေါက်ဝရဲစခန်းမှူး ရဲအုပ်ဌေးဇော်က ပြောပါတယ်။

"နိုင်ငံခြားမှာအလုပ်ရမယ်ဆိုပြီး သူက တရားဝင်လိုင်စင်မရှိဘဲနဲ့ ခေါ်သွားပြီးတော့ သူတို့အလုပ်ရှာပေးတယ်ဆိုတဲ့အခါကျတော့ သူက ပြည်ပအလုပ်အကိုင်ရှာဖွေရေးဥပဒေပုဒ်မ-၂၆ နဲ့သွားငြိတယ်ခင်ဗျ။ အဲဒီပုဒ်မကလည်း ထောင်ဒဏ် ၇ နှစ်အထိရှိတယ်။ အဲဒါကြောင့် ကျနော်က ပြည်ပအလုပ်အကိုင် ရှာဖွေရေးဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထားပြီးတော့ ဦးထွန်းလှကို အရေးယူထားတာပါ"

ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၂၃ ဦးကို တစ်ဦးစီထံကနေ ငွေ ငါးသိန်းခွဲကျပ်စီယူပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရုတ်နိုင်ငံကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာရှိနေတဲ့လူတစ်ဦးက သူတို့တွေကို ထီးစက်ရုံတစ်ခုမှာ အလုပ်သွင်းပေးပြီးနောက် ၂ လလောက်အကြာမှာ တရုတ်ရဲတွေက အဲဒီ ၂၃ ဦးစလုံးကို ဖမ်းဆီးလိုက်ပြီး ထောင်ဒဏ် ၃ လချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ထောင်ကလွတ်လာပြီး မူဆယ်ကနေတစ်ဆင့် သူတို့ရဲ့ကျေးရွာအသီးသီးကို မကြာသေးခင်က ပြန်ရောက်လာခဲ့ကြပြီး ရဲကိုတိုင်တန်းလာတဲ့အတွက် သူတို့ကိုတရားမဝင်ပို့ဆောင်ပေးခဲ့တဲ့ ကျောက်တော်မြို့ခံ ဦးထွန်းလှကို ရဲက ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်တွေရှားပါးမှုကြောင့် လူငယ်အတော်များများဟာ ရန်ကုန်၊ ကချင်နဲ့ ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ကြပါတယ်။

အဲဒီလိုသွားကြရာမှာ တရားဝင်လမ်းကြောင်းကနေ သွားတာရှိသလို ပွဲစားတွေကနေတဆင့် တရားမဝင်လမ်းကြောင်းတွေကလည်း သွားရောက်ကြတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org