ထိုင်းမှာ လူကုန်ကူးခံရသူ ၁ဝ ဦးကို ကယ်တင်နိုင်ခဲ့
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေဟာ မနေ့က ထိုင်းနိုင်ငံ မစုတ်ပရာကန်ခရိုင် ကလောင်တန်လှေဆိပ်မှာ ငါးဖမ်း စက်လှေတွေကို ရောင်းစားခံထားရတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဇာတိ မြန်မာနိုင်ငံသား အလုပ်သမား ၁ဝ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီအလုပ်သမားတွေကို ရိုက်နှက် ခိုင်းစေနေတဲ့ အသက် ၂ဝ အရွယ် ပိုက်ဆရာတစ်ယောက်ကို လည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။
-
2013-04-26 -
-
-
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေဟာ မနေ့က ထိုင်းနိုင်ငံ မစုတ်ပရာကန်ခရိုင် ကလောင်တန်လှေဆိပ်မှာ ငါးဖမ်းစက်လှေတွေကို ရောင်းစားခံထားရတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဇာတိ မြန်မာနိုင်ငံသား အလုပ်သမား ၁ဝ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီအလုပ်သမားတွေကို ရိုက်နှက်ခိုင်းစေနေတဲ့ အသက် ၂ဝ အရွယ် ပိုက်ဆရာတစ်ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။
ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေက လှေ ၂ စင်းပေါ်ကနေ မြန်မာအလုပ်သမားတွေကို ကယ်တင်ရာမှာ ပွဲစားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ မြန်မာနိုင်ငံသားများအဖွဲ့တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။
“မနေ့က ဒီလှေဆိပ်ကပဲ ထွက်ပြေးသွားတဲ့ ဝင်းနိုင်ဆိုတဲ့ အလုပ်သမားတစ်ယောက်ကို တောင်ကြီးရှမ်းအလုပ်သမား လင်မယား ၂ ယောက်က ကြံခင်းတစ်ခုထဲမှာ ကယ်ထားတယ်၊ အဲဒါကနေ ကျနော်တို့ကို ဖုန်းဆက်လာတယ်၊ ဖုန်းဆက်လာတဲ့အတွက် မနေ့က ကျနော်တို့သွားပြီးတော့ ဒီကောင်လေးကို ယူလိုက်တယ်၊ ယူလိုက်ပြီးတော့မှ ဒီကောင်လေးက ဒီမှာသူတို့သူငယ်ချင်းတွေ ကျန်နေခဲ့တာကိုလာပြီး ခေါ်တာပေါ့ ဆိုတော့ ကျနော်တို့ အလုပ်သမားတွေကိုတော့ ရလိုက်တယ်၊ ဒါပေမယ့် ဒေသခံရဲအရာရှိရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတယ် ဒီ့အတွက် ကျနော်တို့ ပွဲစား ၃ ယောက် လိုက်ဖမ်းပေမယ့် မရလိုက်ဘူး၊ ရေထဲကို ၂ ယောက် ဆင်းပြေးသွားတယ်၊ ဒုတိယအကြီးဆုံး ပွဲစားတယောက်ကတော့ ခြံကိုကျော်ပြီးမှ လွတ်မြောက်သွားတယ်”
ဒီအလုပ်သမားတွေဟာ တနှစ်နီးပါး အခကြေးငွေလုံးဝမရရှိပဲ လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်၊ လွတ်မြောက်လာသူတွေအထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ဇာတိ အသက် ၂၆ နှစ်အရွယ် ကိုအရုပ်ဆိုသူက သူနဲ့အတူတခြားသူ ၇ ယောက်ကို မဲဆောက်မြို့ ဆေးရုံအနီးနေထိုင်တဲ့ ပွဲစားသန်းချိုဆိုသူက နာနတ်သီးစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်မေလက ခေါ်ဆောင်လာကာ အခုလိုငါးဖမ်းစက်လှေတွေကို ရောင်းစားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
တခြားငါးဖမ်းစက်လှေတစ်စင်းပေါ်မှာ နောက်ထက် မြန်မာအလုပ်သမား ၉ ယောက် ကျန်ရှိနေသေးပေမယ့် အဲဒီစက်လှေက မြစ်ဝမှာကျောက်ချထားတာဖြစ်လို့ ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်၊ ဒီလအတွင်းမှာ လှေပေါ်ရောင်းစားခံခဲ့ရတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၁၄ ဦးကို သူတို့အဖွဲ့တွေက ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။