လူ့အခွင့်အရေးနေ့အခမ်းအနားများ မြန်မာနိုင်ငံ မြို့များမှာ ကျင်းပ
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ ၆၂ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ကို လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက် HRDP အဖွဲ့က ဦးဆောင်ပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။
-
2010-12-10 -
-
-
ဘိုကလေးမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားကို HRDP အဖွဲ့က ဒေါ်မြင့်မြင့်မူက ဦးဆောင်ကျင်းပပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးစစ်သား ပပျောက်ရေး၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂက ထုတ်ဝေထားတဲ့ လူ့အခွင့်အရေး ပညာပေး စာစောင်တွေလည်း ဝေငှခဲ့ပါတယ်။ အဲဒီပွဲကို ဒေသဆိုင်ရာ အလွှာအသီးသီးက ပြည်သူတွေ စုစုပေါင်း အယောက် အစိတ်လောက် တက်ရောက်ခဲ့ကြတယ်လို့ ဒေါ်မြင့်မြင့်မူက RFA ကို ပြောပါတယ်။
“ကျွန်မတို့ ဒီမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ ပြောတယ်၊ နောက် အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာတွေ ပြောတယ်၊ နောက် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာတွေ ပြောကြတယ်။ နောက် ကလေးစစ်သားကိစ္စ၊ ILO ကိစ္စ ပတ်သက်တာတွေ အကုန်ပြောကြတာ ဆွေးနွေးကြတာပေါ့နော်။ ကျွန်မတို့ ဒီ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းလည်း ကျွန်မတို့ ရှိတယ်၊ ILO စာတမ်းတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေတော့ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ပေးလိုက်တယ်လေ။ အောက်ခြေလူတန်းစား များတာပေါ့နော်။ ဒီ မြင်းကကုန်းတို့၊ ကဒုံတို့၊ ဧရာတို့ပေါ့နော်။”
အဲဒီပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ ကဒုံ၊ ကနိ၊ ဧရာ၊ မြင်းကကုန်း စတဲ့ ကျေးလက်နေ ပြည်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်မှာ ဒီနေ့မနက်ပိုင်းက လူ့အခွင့်အရေးနေ့အခမ်းအနား ကျင်းပတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (မြန်မာနိုင်ငံ) ဆိုတဲ့ အဖွဲ့ကို တရားဝင် ဖွဲ့စည်းခွင့်ပြုဖို့ စုပေါင်း လက်မှတ်ထိုးပြီး တင်လိုက်တယ်လို့ သိရပါတယ်။
ဒီနေ့ လူ့အခွင့်အရေး အခမ်းအနားကို ဒဂုံမြို့သစ် တောင်ပိုင်းက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင် ဒေါ်ခင်အေးရဲ့ အိမ်မှာ မနက်က ကျင်းပခဲ့တာပါ။ အဖွဲ့ တရားဝင် ဖွဲ့စည်းဖို့ စုပေါင်း လက်မှတ်ရေးထိုးပြီး အာဏာပိုင်တွေထံ တင်ပြခဲ့တယ်လို့ ဒေါ်ခင်အေးက RFA ကို ပြောပါတယ်။
“ဒီနေ့က ကျွန်မတို့ လူ့အခွင့်အရေး ဖွဲ့စည်းခွင့် လျှောက်လွှာ ကျွန်မတို့ တင်တယ်လေ။ စိတ်ဝင်စားတဲ့ လူတွေပေါ့၊ အဖွဲ့ဝင်တွေ အားလုံး စုပေါင်းပြီး လက်မှတ်တွေ ထိုးပါတယ်။ ကျွန်မတို့လေ ဟို နေပြည်တော်ကို တင်တာရှင့်။ တင်တာတော့ ကျွန်မတို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဆိုပြီးတော့ ဒီခေါင်းစဉ်အောက်ကနေပြီးတော့ ဒီမိုကရက်တစ်ကလည်း ပါတယ်၊ သုံးခွက လယ်သမားတွေလည်း ပါတယ်၊ နောက် စိတ်ဝင်စားတဲ့ ပြည်သူတွေလည်း ပါတယ်။”
ဒီနေ့မနက် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ရွေးကောက်တင်မြှောက်ခံရတဲ့ ဒဂုံမြို့သစ် (၇) ရပ်ကွက်က ကိုယ်စားလှယ် ဦးတင့်ဆွေနဲ့ အဖွဲ့ဝင်တွေ အပါအဝင် နယ်ဒေသတွေက လယ်သမားတွေလည်း တက်ရောက်ခဲ့ပြီး၊ အင်အား ၁၀၀ နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။
အလားတူပဲ ရန်ကုန်တိုင်း တွံတေးမြို့နယ်က တကိုယ်တော်လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ဖေ အပါအဝင် NLD အဖွဲ့ဝင်တွေနဲ့ အခြား ဒီမိုကရေစီမြတ်နိုးသူ စုစုပေါင်း ၄၈ ဦးက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ လုူ့အခွင့်အရေး ဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း လက်မှတ်ထိုးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။