မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုးဝါးဆဲ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် ဆိုးဝါးနေဆဲ ဖြစ်ပေမဲ့ အခုအချိန်ဟာ နိုင်ငံ တိုးတက်ဖို့ အခွင့်အလမ်းတွေ ရှိနေတဲ့ သမိုင်းဝင်ကာလတခု ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက အစီရင်ခံစာတစောင် မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်အစိုးရက ၎င်းအား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးသည့်အတွက် ‘လွန်စွာ စိတ်မကောင်းကြောင်း’ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် ကင်တားနား (အလယ်) က ရန်ကုန် လေဆိပ်တွင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

ဆုံးဖြတ်ခွင့်ရှိတဲ့ အာဏာပိုင်တွေဖက်က နိုင်ငံရေးမှာ အမှန်တကယ် ပြုပြင် ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒတွေ ရှိလာမယ်။ သက်ဆိုင်သူတွေအားလုံး တက်တက်ကြွကြွ ပါဝင်ခွင့် ရလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ အပြုသဘော တိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ မစ္စတာ ကင်တားနားရဲ့ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာမှာ ရေးသားထားတာပါ။

မစ္စတာ ကင်တားနားဟာ ဒီအစီရင်ခံစာကို ရှေ့သီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ဖတ်ကြားတင်ပြမှာ ဖြစ်ပါတယ်။ အခုနှစ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ အရင်နှစ်တွေကထက် ကဏ္ဍစုံကို မီးမောင်းထိုး ဖော်ပြထားတာ တွေ့ရတယ်လို့ NCGUB အဝေးရောက် မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီ report ရဲ့ ထူးခြားချက်ကတော့ ခါတိုင်း အစီရင်ခံစာတွေမှာ ဆိုရင် အဓိကတော့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို အဓိက ဇောင်းပေးပြီးတော့ တင်ပြတယ်လေ။ နောက် အဓိကတော့ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ၊ နောက် ဒီ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်။ ဒီတပတ်မှာကတော့ မစ္စတာ ကင်တားနား အနေနဲ့ ဒီ လူမှုရေး၊ စီးပွားရေး၊ ကျွန်တော်တို့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဇောင်းပေးပြီးတော့ တင်ပြထားတာ တွေ့ရတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊ ပညာရေးကဏ္ဍ မြင့်မားလာအောင် ငွေအလုံးအရင်း မြှုပ်နှံသုံးစွဲဖို့၊ ပေါ်ပေါက်လာမဲ့ အစိုးရသစ်ကိုလည်း လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ စတဲ့အချက်တွေ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မစ္စတာ ကင်တားနား အစီရင်ခံစာ တင်ပြအပြီး ကောင်စီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် မူကြမ်းတရပ် တင်သွင်းဖို့ လက်ရှိ အီးယူ ဥရောပ သမဂ္ဂရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဟန်ဂေရီ နိုင်ငံက ဦးဆောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ပြီး RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က အသေးစိတ် ကောက်နုတ် တင်ပြထားပါတယ်။

ကောက်နုတ်တင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org