ဝန်ကြီးချုပ် ဟွန်ဆန် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မကြိုးစားခဲ့
မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံခွင့်ရဖို့ ဝန်ကြီးချုပ်ဟွန်ဆန်က ကြိုးစားခဲ့တာ မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
- 2022-01-09
-
-
-
မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း ဖမ်းဆီး ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ဝန်ကြီးချုပ်ဟွန်ဆန်က ကြိုးစားခဲ့တာမရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ မတူညီတဲ့ ချဉ်းကပ်မှုတွေ လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန် ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံအမတ် Prak Sokhonn က ဒီကနေ့ မြို့တော်ဖနွမ်းပင်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပဖို့ ရှိနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ ကိုယ်စားပြုသူတွေ ဖိတ်ကြားခံရမယ့် အလားအလာ ရှိနေတယ်လို့လည်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံညီလာခံကို မြန်မာစစ်ခေါင်းဆောင်တွေလည်း တက်ခွင့်ရှိရမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာပြည်ခရီးစဉ် မတိုင်ခင်က ပြောထားဖူးပါတယ်။
သူ့ရဲ့ နှစ်ရက်တာ ခရီးစဉ်အတွင်း မြန်မာပြည်သူတွေရဲ့ ဆန္ဒပြကန့်ကွက်မှုတွေလည်း ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်ဟာ မြန်မာပြည်သူတွေကို စော်ကားတာလို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောဆိုထားသလို ဒီခရီးစဉ်ဟာ အာဆီယံ အဖွဲ့က ဆုံးဖြတ်ထားတဲ့ မူ ငါးချက်ကို မလေးမစား လုပ်တာလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ကလည်း ထုတ်ပြန်ထား ပါတယ်။
မြန်မာ့အရေးကိစ္စရပ်တွေအတွက် လူထုက မဲပေးရွေးချယ်ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့လည်း CRPH က ထုတ်ပြန်တောင်းဆိုထားပါတယ်။