ဆန္ဒပြမယ်ဆိုလို့ မြို့တော်ခန်းမ ရှေ့မှာ လူတွေ စောင့်ကြည့်နေ
နိုင်ငံရေးပါတီတချို့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ကြောင့် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက လူနှစ်ရာ ဝန်းကျင်လောက် စုရုံးခဲ့ပြီး ရဲနဲ့လုံထိန်းတွေ၊ အရပ်ဝတ် လုံခြုံရေး ဝန်ထမ်းတွေ ရောက်ရှိလာတယ်လို့ သိရပါတယ်။
-
2011-06-05 -
-
-
ဒီလို လူစုလူဝေး ဖြစ်နေချိန်မှာ အရပ်ဝတ် လုံခြုံရေးအရာရှိတဦးက အရင် စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ‘ငါးယောက်ထက် လူ ပိုမစုရ’ ဆိုတဲ့အမိန့်ကို သိသလားလို့ ခြိမ်းခြောက် မေးမြန်းတဲ့အတွက် စောင့်ကြည့်နေသူ တချို့နဲ့ စကား အချေအတင် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
NLD အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဒေါ်ခင်ဝင်းခိုင်က အခုလို ပြောပါတယ်။
“မြို့တော်ခန်းမမှာ လူနှစ်ရာကျော်လောက်၊ ဘုရားကျောင်းရှေ့မှာ ဒီဘက်က ပန်းခြံထောင့်မှာ လေးငါးဆယ်ယောက် အဲဒီလို လူတွေက စုနေတာ။ ဒီနေရာတွေက တနင်္ဂနွေနေ့ဆိုရင် လူရှင်းတယ်။ အခုကျတော့ လူအများကြီး ရောက်နေတယ်။ လုံခြုံရေးတွေလည်း အများကြီးပဲ။ တအောင့်လောက်နေတော့ ရဲမှူးလား ဘာလားမသိဘူး သူက လာပြီးတော့ ဒီမှာ ဘာလာလုပ်တာလဲတဲ့။ ခင်ဗျားတို့ မာရှယ်လော မသိဘူးလား တဲ့။ ကျမတို့ဘက်က လူတွေကလည်း ပြန်ပြောတယ်၊ အရပ်သားအစိုးရ ဖြစ်တဲ့အတွက် ဒီ ပုဒ်မတွေ မာရှယ်လောတွေ ရှိသေးလို့လား ဆိုတော့ သူတို့က ‘မဟုတ်ပါဘူး၊ မရှိပါဘူူး’ တဲ့။ မရှိရင် ကျမတို့ကို လာမပြောနဲ့ဆိုပြီး ကျမတို့နဲ့ စကားများပြီး ကျမတို့လည်း တအောင့်လောက်နေတော့ ကိုယ့်လမ်းကိုယ် ပြန်လာကြတယ်”
နိုင်ငံရေးပါတီ တချို့က ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့စွဲနဲ့ ဦးသိန်းစိန် အစိုးရဆီမှာ ဆန္ဒပြခွင့် တင်ပြ တောင်းခံထားကြပါတယ်။ ဒီအတွက် ဆန္ဒပြပွဲ ဖြစ်မဖြစ် အကဲခတ်ကြသူတွေ စုရုံး ရောက်ရှိနေကြတာလို့ သိရပါတယ်။
အဲဒီ ဆန္ဒပြခွင့် တင်ပြချက်ကို အာဏာပိုင်တွေက ခွင့်မပြုဘဲ ဇွန်လ ၂ ရက်နေ့က ငြင်းဆန်ထားပြီးပြီလို့လည်း သိရပါတယ်။