အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား ၂ ဦး ဆေးရုံတင်ထားရ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်းစိန် အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေထဲက ၂ ဦးကို ဆေးရုံတင်ထား ရကြောင်း ထောင်အာဏာပိုင်တွေက အတည်ပြု ပြောဆိုတယ်လို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman) (Photo:RFA/Tyler Chapman)

အစာငတ်ခံ ဆန္ဒပြတဲ့အတွက် တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦးထဲက ၅ ဦးရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာ သွားတွေ့ချိန်မှာ ထောင်အာဏာပိုင်တွေက အဲဒီလို ပြောဆိုလိုက်တာပါ။

ဆန္ဒပြသူတွေထဲက ၂ ဦးဖြစ်တဲ့ ကိုဉာဏ်ထွန်းလင်းနဲ့ ကိုညီညီထွန်းတို့ကို အရေးပေါ် ဆေးရုံတင်ထားရကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်ဇော်ထွန်းက RFA ကို ပြောပါတယ်။

“ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြင့်လှိုင်၊ ကိုစောနိုဘယ်၊ ကိုဉာဏ်ထွန်းလင်းတို့ရဲ့ မိသားစုတွေ ဒီနေ့ ထောင်ဝင်စာ သွားတွေ့တယ်။ ပါဆယ်ပဲ သွင်းခွင့်ပေးတယ်။ မိသားစုတွေက သူတို့သိချင်တာတွေ မေးတော့ အာဏာပိုင်တွေ ပြောတာက ကိုဉာဏ်ထွန်းလင်းက အစာငတ်ခံ ဆန္ဒပြပြီးတဲ့အချိန်မှာ ထောင်ဆေးရုံမှာ အစာအိမ်ရောဂါနဲ့ ဆေးရုံတင်ထားရတယ်တဲ့။ ကိုညီညီထွန်းကိုလည်း ဆေးရုံတင်ထားရတယ်တဲ့”

အစာငတ်ခံ ဆန္ဒပြသူတွေထဲက ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဆန္ဒပြသူ အားလုံးကို အဆောင်အသီးသီးမှာ ခွဲပြီး ရွှေ့ပြောင်းထားလိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org