နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမယ်လို့ ကိုအောင်မှိုင်းဆန်း ပြော

ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အောက်တို ဘာလ ၁၅ ရက်နေ့မတိုင်ခင် ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ မလွှတ်ပေးရင် အစာငတ်ခံဆန္ဒပြမယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက သာယာဝတီအကျဉ်းထောင်ကနေ စက်တင်ဘာလ ၃၀ ရက် စွဲနဲ့ မနေ့က တောင်းဆိုကြေညာလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အောက်တိုဘာလ ၁၅ ရက်နေ့ မတိုင်ခင် ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ မလွှတ်ပေးရင် အစာငတ်ခံဆန္ဒပြမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက သာယာဝတီ အကျဉ်းထောင်ကနေ စက်တင်ဘာလ ၃၀ ရက်စွဲနဲ့ မနေ့က တောင်းဆိုကြေညာလိုက်ပါတယ်။

ကိုအောင်မှိုင်းဆန်း ဒီလိုတောင်းဆိုလိုက်တာ ဟုတ်မှန်တယ်လို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က RFA ကို အတည်ပြုပြောဆိုပါတယ်။

"ကိုအောင်မှိုင်းဆန်းက ဒီနေ့စာထည့်ပေးလိုက်တယ်၊ အဲ့စာမှာလည်း အောက်တိုဘာ ၁၅ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျောင်းသားတွေရော ပြန်လွှတ်မပေးရင် အစာငတ်ခံဆန္ဒပြမယ်ဆိုတဲ့ တောင်းဆိုထားတဲ့စာဖြစ်ပါတယ်"

ဒါပေမယ့် အစာငတ်ခံဆန္ဒပြဖို့ကိစ္စကတော့ အဖွဲ့ရဲ့သဘောထား ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ကိုအောင်နေပိုင် က ပြောပါတယ်။

ကိုအောင်မှိုင်းဆန်းရဲ့ အကျဉ်းထောင်က ထုတ်ပြန်လိုက်တဲ့စာထဲမှာ၊ မြန်မာ့နိုင်ငံရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ်ချုပ်ဖို့ကိစ္စနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စဆိုတဲ့ ဖြစ်ရပ်ကြီးနှစ်ခုရှိနေတဲ့ အတွက် အခုလိုဖမ်းဆီးခံထားရတဲ့အတွက်ကြောင့် အဲဒီဖြစ်ရပ်တွေမှာ နိုင်ငံသားအခွင့်အရေးအရ ပူးပေါင်း ပါဝင်နိုင်ခွင့် ဆုံးရှုံးနေရတယ်လို့ ထောက်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ မှန်ကန်တိကျမှုမရှိသလို၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ နဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဗကသများအဖွဲ့ချုပ်က သုံးသပ်ချက်တစ်စောင်ကို မနေ့က ရက်စွဲနဲ့ထုတ်ပြန်လိုက် ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org