ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICG တောင်းဆို

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများဖြေရှင်းရေးအဖွဲ့ ICG က ဒီကနေ့ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူများအား တွေ့ရစဉ်။ RFA

ဘယ်လ်ဂျီရမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG အဖွဲ့ကြီးက ရခိုင်ပြည်နယ်က  ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမူတွေဟာ နောက်ပြန်ဆွဲခံနေရသလို ဖြစ်နေကြောင်း၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်သူတွေအနေနဲ့ လူထု သဘောထားဆန္ဒများနဲ့ ပတ်သက်ပြီး ဦးဆောင်မှုပေးဖို့ စိန်ခေါ်မူတွေ ကြုံတွေ့နေရပြီး အကိုင်အတွယ်မှားရင် တိုင်းပြည်နစ်နာစရာတွေ ဖြစ်လာနိုင်ကြောင်း သတိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်အရေးကို ခေါင်းရှောင်နေမယ်ဆိုရင် ပြည်သူတွေ မှတ်ကျောက်တင်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ သတ်မှတ်ချက်အပြင် NLD ပါတီ ကိုပါ ထိခိုက်နိုင်တယ်လို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့ကအစိုးရကို  မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org