ICJ စီရင်ချက် မြန်မာမလိုက်နာရင် ဘာဖြစ်မလဲ

သန့်ဇင်ဦး
2020.02.05

နိုင်ငံတကာတရားရုံး (ICJ) ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရက မစိုးရိမ်ဘူးပြောဆိုနေပေမယ့်၊ တကယ်လို့ ကြားဖြတ်စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် ကုလလုံခြုံရေးကောင်စီထိ ရောက်သွားနိုင်တယ်လို့ ဥပဒေပါရဂူဘွဲ့ရနဲ့ လူ့အခွင့်အရေးတက်ကြွသူတချို့က သုံးသပ်နေကြပါတယ်။

နိုင်ငံတကာတရားရုံး ICJ ကြားဖြတ်စီရင်ချက်တွေထဲက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု မဖြစ်အောင် မြန်မာအစိုးရက တားဆီးပေးရေးဆိုတဲ့အချက်ဟာ တပ်မတော်နဲ့  မြန်မာအစိုးရအတွက် အခက်တွေ့ စေမယ့် အချက်တွေဖြစ်တယ်လို့ ဥပဒေသိပ္ပံပါရဂူ ဒေါက်တာ အင်ဒရူး ငွန်ကျူံးလျန်က ပြောဆိုလိုက်ပါတယ်။

“တိုက်ပွဲတွေဖြစ်ရင်တောင် တပ်မတော်က စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်လို့ မရတဲ့အပိုင်းတွေ ပါလာမယ့်သဘောရှိတယ်။ အဲဒါက မြန်မာအတွက် အခက်အခဲရှိတယ်”

ICJ ဆုံးဖြတ်ချက် ၄ ရပ်ထဲက နောက်တစ်ချက်ဖြစ်တဲ့ ၂၀၁၇ တပ်မတော် ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်မှာ၊ ဖျက်ဆီးခံရတဲ့ရွာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တဲ့ သက်သေခံပစ္စည်းတွေ မပျက်စီးအောင် ထိန်းသိမ်းပေးရေးဆိုတဲ့ အချက်ကလည်း စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ဒေါက်တာ အင်ဒရူး ငွန်ကျူံးလျန်က ပြောပါတယ်။

“အဓိကကတော့ လူမျိုးတုံးစေဖို့ ရည်ရွယ်ချက်လို့ ပြောနိုင်မယ့်ကိစ္စရပ်တွေ ဘာမှမလုပ်ရတော့ဘူးဆိုတော့ တိုက်ပွဲဖြစ်ရင်တောင်မှ တပ်မတော်တွေက သူတို့စစ်လုပ်ငန်း စစ်သဘောတရားအတိုင်း မလုပ်ရတော့မယ့် အနေအထားရှိတယ်၊ အဲတာတွေက မြန်မာအတွက် အခက်အခဲရှိတယ်၊ ဒါပေမဲ့ ဒီဘက်က ကျွန်တော်တို့ မြန်မာအစိုးရ ဘာပြောလဲ၊ ဘာကြောင့်ပြောလဲဆိုတာတော့ ကျွန်တော်မသိဘူးဗျ၊ နောက်ပြီးတော့ ဒီဟာက ပိုဆိုးဆိုးလာလို့ရှိရင် ဟိုးမလိုလားအပ်ဘဲနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ အဲအထိရောက်မယ်”

ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာတော့ ဦးဇော်ဌေးက ICJ ကြားဖြတ်အမိန့်ကို မြန်မာအစိုးရ မစိုးရိမ်ဘူးလို့ ဆိုပါတယ်။ ကြားဖြတ်အမိန့်ထက်၊ လူမျိုးတုံးသတ်ဖြတ်မှု၊ မြောက်၊ မမြောက်ဆိုတဲ့အဓိက စွဲဆိုချက်ကိုပဲ အာရုံစိုက်တယ်လို့ ပြောပါတယ်။

“ဒီ ကြားဖြတ်စီရင်ချက်နဲ့ပတ်သက်ပြီး လေးလပြည့်ရင် အစီရင်ခံစာတင်ရမယ့်ကိစ္စနဲ့ ပတ်သက်လို့လည်း အဲမှာလည်း ကျွန်တော်တို့ ပြောထားတာတွေရှိပါတယ်၊ ဒါပေမဲ့ ဒါတွေကို ဘယ်လိုလုပ်မလဲ ဘယ်လိုတုံ့ပြန် မှုလုပ်မလဲဆိုတာကတော့ ကျွန်တော်တို့ ထုတ်ဖော်ပြောကြားဖို့ မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက ကျွန်တော်တို့ငှားထားတဲ့ ရှေ့နေကြီးတွေရှိပါတယ်၊ နောက်တစ်ချက်က ကျွန်တော်တို့ပြောနေတာက ကျွန်တော်တို့နိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုမရှိဘူး၊ ကျွန်တော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ICJ မှာ သွားရှင်းတဲ့အခါမှာလည်း ဂျီနိုဆိုက်ဆိုတာက လုံးဝဒီကရီအရမ်းမြင့်တဲ့ကိစ္စဖြစ်တယ်ဆိုတာ မဟုတ်ဘူး ဆိုတာလည်း ပြောထားပြီးသားဖြစ်တယ်”

ကြားဖြတ်စီရင်ချက်တွေကို အကောင်အထည်ဖော်မယ့်ကိစ္စကိုတော့ ထုတ်ဖော်ပြောလို့ မရဘူးလို့လည်း ဆိုခဲ့ပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း တပ်အနေနဲ့ ICJ ဆုံးဖြတ်ချက်တွေထက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်းပဲ ဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။

“ဒီအထဲမှာ ကျွန်တော်တို့အနေနဲ့ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်စရာတွေရှိရင် ဒါ ကျွန်တော်တို့ရဲ့ စစ်ဘက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ သက်သေတွေ စုံစမ်းစစ်ဆေးရးခုံရုံးတွေ ပြုလုပ်တာတွေ အဲကနေမှ သက်သေတွေရရှိလို့ရှိရင် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီး ကျွန်တော်တို့ ထုတ်ပြန်ခဲ့တာရှိပါတယ်၊ အဲအတိုင်းပဲ ဆက်လက်သွားမှာဖြစ်ပါတယ်၊ နောက် ICJ နဲ့ ပတ်သက်လု့ိကတော့ ကျွန်တော်တို့ ဗိုလ်ချုပ် သောင်းနိုင်လည်း ပြောပြီးဖြစ်ပါတယ်၊ ဥပေဒနဲ့အညီ ဆက်လက်လုပ်ဆောင် သွားမယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်”

သမ္မတရုံးက ဒီလိုပြောပေမယ့် သိပ္ပံပါရဂူ အင်ဒရူး ငွန်ကျုံးလျန်ကတော့ မြန်မာအစိုးရက ICJ ကြားဖြတ်စီရင် ချက်ကို အကောင်အထည်ဖော်တဲ့အခါ၊ အစီရင်ခံစာ လေးလတစ်ကြိမ်ကနေ၊ ခြောက်လ တစ်ကြိမ် ICJ တရားသူကြီးတွေကို မြန်မာဘက်က အစီရင်ခံစာတင်သွင်းနေတဲ့ကာလမှ အထက်ပါ အချက် နှစ်ချက်ကို မြန်မာက လိုက်နာခြင်းမရှိဘူးဆိုတဲ့ကိစ္စတွေ ပေါ်ပေါက်လာရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ထိ ရောက်သွားနိုင် တယ်လို့ သုံးသပ်ပါတယ်။

ရိုဟင်ဂျာလူ့အခွင့်ရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ဝေေ၀နုကလည်း မြန်မာဘက်က ပျက်ကွက်ရင် လုံခြုံရေးကောင်စီအထိ ရောက်သွားနိုင်တယ်လို့ သုံးသပ်ချက်ကို youtube မှာ မျှဝေထားပါတယ်။

“အဲတော့ မြန်မာနိုင်ငံက အခုကြားဖြတ်ဆုံးချက်တွေကို မလိုက်နာဘူး၊ မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံ အပေါ် ဖြစ်ပေါ်လာနိုင်မယ့် သက်ရောက်မှုတွေ အရမ်းကို ခက်ခဲ့ပါလိ့မ်မယ်၊ အနည်းဆုံးတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအပေါ်မှာ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးတော့ အရေးယူဆောင်ရွက်တာတွေ ဖြစ်လာပါလိ့မ်မယ်၊ ဒုတိယအရေးကြီးတာက တကယ်လို့ ဒီကြားကာလအတွင်းမှာ ကြားဖြတ်ဆုံးဖြတ် ချက်တွေကို အကောင်အထည် မဖော်ဘူးဆိုရင် အမှုအခြေအနေက အားနည်းသွားပါလိ့မ်မယ်၊ ဆိုလိုချင်တာက အမှုမှာ ရှုံးနိမ့်သွားတာမျိုး ဖြစ်လာနိုင်ပါလိ့မ်မယ်”

မနေ့တုန်းကပဲ ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေးတရပ် ကျင်းပခဲ့ပါသေးတယ်။ ဒါပေမဲ့ ကန့်ကွက်မှုတွေရှိခဲ့လို့ မြန်မာအရေးကို ကုလလုံခြုံရေးကောင်စီက Resolution ချမှတ်နိုင်မယ့်အရေး အလှမ်းကွာသွားခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ အစည်းဝေးရလဒ်ကို လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေက စိတ်ပျက်ကြောင်းလည်း ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။