တရုတ်ကို တရားမဝင် နွားတင်ပို့မယ့်သူ ၇ ဦး ကို အမှုဖွင့်

နွားအကောင်ရေ ၁၀၀ ကျော်ကို တရားမဝင်နည်းလမ်းနဲ့ တရုတ်ပြည်ကို တင်ပို့မယ့် ကုန်သည် ၂ ဦး အပါအဝင် ၇ ဦးကို မြို့မရဲတပ်ဖွဲ့က အရေးကြီးကုန်စည်အက်ဥပဒေနဲ့ အမှုဖွင့် စစ်ဆေးနေ ပါတယ်။

တရားမဝင်နည်းနဲ့ နွားတွေ တင်လာတဲ့ ကုန်တင်ကားတွေကို တွေ့ရစဉ် Photo: Tin Maung Thein - facebook

နွားအကောင်ရေ ၁၀၀ ကျော်ကို တရားမဝင်နည်းလမ်းနဲ့ တရုတ်ပြည်ကို တင်ပို့မယ့် ကုန်သည် ၂ ဦး အပါအဝင် ၇ ဦးကို မြို့မရဲတပ်ဖွဲ့က အရေးကြီးကုန်စည်အက်ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

ကုန်တင်ကား ၅ စီးနဲ့ သယ်ဆောင်လာတာကို မနေ့ နေ့လည်ပိုင်းက မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ် ကျောက်မဲမြို့ တိုးဂိတ်မှာ တားဆီးစစ်ဆေးရာမှာ အထောက်အထားမဲ့ သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရတာဖြစ်တယ်လို့ ကျောက်မဲ မြို့မရဲစခန်းမှူး ရဲမှူး ဟန်ဝင်းလှိုင် က ပြောပါတယ်။

"အေးရှားဝေါလ် တိုးဂိတ်မှာ မြို့နယ် ပူးပေါင်းအဖွဲ့နဲ့ စိစစ်ပြီး ဖမ်းတာပေါ့၊ အရေအတွက်က ၁၀၂ ကောင် အထီးတွေချည်းပဲ၊ ကန့်သတ်ကုန် ဖြစ်တဲ့အတွက် ကျနော်တို့က ဖမ်းဆီးပြီး ဥပဒေနဲ့အညီ အရေးယူလိုက်တာပေါ့"

ကုန်သည် ၂ ဦး ဟာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ကဖြစ်ပြီး နွားတစ်ကောင်ကို ကျပ် ၆ သိန်းနဲ့ ဝယ်ယူလာတာဖြစ်ကြောင်း စစ်ဆေးတေ့ွရှိရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ နွားကုန်သည် နှစ်ဦးနဲ့ ကုန်တင်ကား ယာဉ်မောင်း ၅ ဦး စုစုပေါင်း ၇ ဦးကို အရေးကြီးကုန်စည်အက်ဥပဒေ ပုဒ်မ ၅ နဲ့ အမှုဖွင့် စစ်ဆေးနေတာဖြစ်ပါတယ်။

အဲဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ လ ကနေ ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

တရုတ်ပြည်ကို တရားမဝင်နည်းလမ်းနဲ့ နွားတင်ပို့တာတွေကို ကျောက်မဲမြို့နယ်အတွင်း မကြာခဏ ဖမ်းမိတာတွေရှိခဲ့ရာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ဖမ်းမိခဲ့ပေမယ့် ဒီတစ်ကြိမ်က အရေအတွက် ပိုများတယ်လို့ ကျောက်မဲ မြို့မရဲစခန်းရဲ့ စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org