တရားမဝင် ရွှေလုပ်ကွက်မှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည် အထက်ပိုင်းမှာရှိတဲ့ တရားမဝင်ရွှေ တူးဖော်ရေး လုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ပစ္စည်းတွေကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အမိန့်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က ဒေသအာဏာပိုင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည် အထက်ပိုင်းမှာရှိတဲ့ တရားမဝင်ရွှေတူးဖော်ရေး လုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ပစ္စည်းတွေကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အမိန့်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က ဒေသအာဏာပိုင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဆည်အနီးအနားမှာလုပ်နေတဲ့ တရားမဝင်ရွှေလုပ်ကွက်တွေက စွန့်ပစ်ရေတွေဟာ ဆည်ထဲကို ဝင်လာတဲ့အတွက် ဆည်ပျက်စီးရတာကြောင့် အခုလို ဆုံးဖြတ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ က ပြောပါတယ်။

"အဲဒီစက်ပစ္စည်းတွေက အင်မတန်မှ လေးလံတဲ့အခါကျတော့ သယ်သွားလို့လည်း မလွယ်ဘူး၊ နောက် ပြီးတော့ အဲ့အနီးအနားတဝိုက်မှာ ဆည်လုပ်ကွက်တွေက များတဲ့အခါကျတော့ အဲဒီကနေစီးလာ တဲ့ရေတွေကလေ၊ သဖန်းဆိပ်ဆည်ထဲကို အရင်ကတည်းက ဝင်လာတာ၊ ဒါ့ကြောင့် သဖန်းဆိပ်ဆည်က ပျက်စီးနေတာပေါ့နော်၊ အဲဒါတွေကို မဖျက်ဆီးလို့ရှိရင်လည်း ခိုးလုပ်နေတဲ့ ပိုင်ရှင်တွေက ပြန်လုပ်နေ မှာစိုးလို့၊ အဲ့ဒါကို အဲ့နေရာမှာပဲ ဖျက်ဆီးဖို့ ဆုံးဖြတ်ချက်နဲ့ ဖျက်ဆီးနေတာဖြစ်တယ်။"

သဖန်းဆိပ်ဆည်ဟာ ရွှေဘိုတနယ်လုံးကို ရေပေးဝေနေပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စပါးကျီကို အကျိုးပြုနေတဲ့ ဆည်ကြီးဖြစ်တဲ့အတွက် မတိမ်ကောသွားအောင် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဦးကမ်ဇာမုံက ပြောပါတယ်။

ဒါ့အပြင် ဆည်ရေကို သောက်သုံးကြရသူတွေလည်း ရှိနေတာကြောင့် ကျန်းမာရေးအတွက် အန္တရာယ်မဖြစ်အောင် အဓိကထားပြီး လုပ်တာဖြစ်ကြောင်းလည်း ဦးကမ်ဇာမုံ က ပြောပါတယ်။

အဲဒီလုပ်ကွက်တွေအပြင် စစ်ကိုင်းတိုင်းအတွင်းမှာဆိုရင် ဟုမ္မလင်းနယ်ဘက်မှာ တရားမဝင်ရွှေလုပ်ကွက်တွေ အများဆုံးရှိနေပြီး ကောလင်း၊ ဝန်းသိုနယ်ဘက်တွေမှာလည်း ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီလိုတရားမဝင်လုပ်ကွက်တွေကို ဖျက်ဆီးဖို့အတွက် တရားမဝင် ရွှေလုပ်ကွက်တွေအနီးတဝိုက်က ဒေသတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အာဏာပိုင်တွေကို ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org