ထိုင်းစက်ရုံက ကယ်တင်ခဲ့တဲ့ အလုပ်သမား ၃၀ ကျော် မြန်မာဖက် ပြန်ပို့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေ့ရောညပါ ပိတ်လှောင် အလုပ်ခိုင်းစေ ခံရပြီး ထိုင်းရဲတွေရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့တဲ့ မြန်မာ အလုပ်သမား ၃၂ ဦးကို ထိုင်း အာဏာပိုင်တွေက စနေနေ့က မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်။
-
2011-06-13 -
-
-
၂၀၁၀ ခုနှစ် မေလအတွင်းက မဲဆောင်မြို့မှ လူမှောင်ခိုများနှင့် မဲဆောင်မြို့မှ ဘန်ကောက်မြို့ကို တောလမ်းကတဆင့် သွားရောက်ဖို့ ကြိုးစားခဲ့ကြသော တရားမဝင် မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုအဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာပုံ။
စာရွက်စာတမ်း မပြည့်စုံဘဲ နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ချုပ်ရက် အပါအဝင် စုစုပေါင်း ၅၂ ရက် အကျဉ်းကျ ခံခဲ့ရပြီးနောက် သူတို့ကို အချုပ်ကားတွေနဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကို ပြန်ပို့လိုက်တာ ဖြစ်တယ်လို့ ထိန်းသိမ်းခံခဲ့ရသူ တစ်ဦးက RFA ကို ပြောပါတယ်။
"တောမောရုံးက ကားကြီးနဲ့ လူ ၄ ရာလောက်ရှိတယ်။ မဲဆောက် တောမောရုံးကနေ မြန်မာပြည်ကို အချုပ်ကားနဲ့ ပြန်ပို့တယ်။ ဒီဘက်နဲ့ ညှိထားလားမသိဘူး။ ကျမတို့ဆီက ပိုက်ဆံလည်း မတောင်ဘူုး ပလိပ်တွေက။ လူတွေကို ဝယ်လိုက်တဲ့ သဘောပေါ့။ ဒီဘက်က လူတွေက ကျမတို့ကို ၂၅၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ပေါက်ဈေးက ၂၅၀၀ တဲ့။ လျှော့ဈေးနဲ့ ၂၂၀၀ တောင်းတယ်။ ဒီဖက်က လူစုတဲ့ လူတွေပေါ့။"
ဘန်ကောက် မြို့လယ်က အိမ်တွင်း အထည်ချုပ် စက်ရုံ ၃ ရုံမှာ တံခါးပိတ်ပြီး နေ့ရောညပါ အလုပ်ခိုင်းခံနေရတဲ့ မြန်မာ အလုပ်သမား ၃၉ ယောက်ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ဝင်တွေက ဧပြီလ ၁၉ ရက်နေ့က စက်ရုံတွင်း ဝင်ရောက်ပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။
ရဲစခန်းက သူတို့တွေကို စစ်ဆေး မေးမြန်းပြီး အမျိုးသမီး ၂၅ ဦးနဲ့အမျိုးသား ၈ ဦးကို စာရွက်စာတမ်း မပြည့်စုံဘဲ နိုင်ငံ ဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၄၅ ရက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အထည်ချုပ်စက်ရုံ ၃ ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ အလုပ်သမားတွေကို လုပ်ငန်းရှင်က လူကယ်ရီ ကနေ တဆင့် ဘတ်ငွေ ၁ သောင်း ၂ ထောင်ကနေ ၁ သောင်း ၄ ထောင် အထိ အကုန်အကျခံ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်က စရိတ် ငွေကြေတဲ့ အထိ အလုပ်ကို မနားတမ်း ခိုင်းစေခဲ့ပြီး လုပ်အားခလည်း အဆမတန် နည်းပါးကြောင်းနဲ့ ငွေကြေပြီးနောက် ဘယ်မှ ထွက်မသွားနိုင်အောင် စက်ရုံတွင်း ပိတ်လှောင် ခိုင်းစေခဲ့ကြောင်း၊ လုပ်ခငွေကို ကိုင်ဆောင်ခွင့် မရရှိခဲ့ကြကြောင်း အလုပ်သမား တချို့က ထိုင်းရဲတွေဆီမှာ စစ်ဆေးခံခဲ့ပါတယ်။