ILO အလုပ်အကိုင်အာမ,ခံချက် သဘောတူစာချုပ် လက်မှတ်ထိုး

ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ချမှတ်ထားတဲ့ အလုပ်အကိုင် ဘဝအာမ,ခံချက်ရှိရေး သတ်မှတ်ချက်တွေ အတိုင်း မြန်မာနိုင်ငံမှာ လိုက်နာကျင့်သုံးဖို့ အစိုးရနဲ့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် သဘောတူညီချက်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ILO ၏ အလုပ်အကိုင်အာမ,ခံချက် အစီအစဉ်နှင့်ပတ်သက်ပြီး ၂ဝ၁၈ စက်တင်ဘာလ ၂၁ ရက်နေ့က အစိုးရနှင့် အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် သဘောတူညီချက် လက်မှတ်ရေးထိုးစဉ်။ Photo: ILO

ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ချမှတ်ထားတဲ့ အလုပ်အကိုင် ဘဝအာမ,ခံချက်ရှိရေး သတ်မှတ်ချက်တွေ အတိုင်း မြန်မာနိုင်ငံမှာ လိုက်နာကျင့်သုံးဖို့၊ မြန်မာအစိုးရနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် သဘောတူညီချက်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပထမဆုံးအနေနဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီသဘောတူစာချုပ်ကို “မြန်မာနိုင်ငံ အလုပ်သမား၊ လူဦးရေနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူးချုပ် မစ္စတာဂရက်ဗိုင်းစ် (Greg Vines)  တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အလုပ်သမား ကိုယ်စားတွေအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား- စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် စတဲ့သုံးဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI က အလုပ်ရှင်ကိုယ်စားပြု လက်မှတ်ထိုးခဲ့ပါတယ်။

ILO က ချမှတ်ထားတဲ့ Decent Work Country Programmes (DWCPs) “သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ဌာနေအစီအစဉ်” လမ်းညွန်ချက်ဟာ အလုပ်လုပ်တဲ့အခါ သင့်လျော်တဲ့လုပ်အားခရဖို့၊ ရေရှည်လုပ်ခွင့်ရမယ့် အာမ,ခံချက်ရှိဖို့၊ အလုပ်သမားရော သူ့မိသားစုဝင်တွေပါ ဒီအလုပ်ကြောင့် ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ခံစားခွင့်ရဖို့၊ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အဆင်မပြေမှုနဲ့ စိုးရိမ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရဖို့၊ လုပ်ငန်းခွင်မှာ ကျား-မ တန်းတူခွင့်ရဖို့၊ အလုပ်နဲ့ပတ်သက်လို့ အနာဂတ်မှာ တိုးတက်ရမယ်ဆိုတဲ့ မျှော်လင့်ယုံကြည်မှုရှိဖို့ ဆိုတဲ့ သတ်မှတ်ချက်တွေကို ILO က အဓိပ္ပါယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

ဒီသဘောတူစာချုပ်ကို လိုက်နာမှုရှိ-မရှိ ILO နဲ့အတူ အခုလက်မှတ်ထိုးတဲ့အဖွဲ့တွေက ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်ထိ လေးနှစ် ရှေးရှုလုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org