မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အဖွဲ့စည်း ဖွဲ့ခွင့် မရှိသေးတဲ့ အပေါ် ILO ဆွေးနွေး
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနိုင်ခွင့် မရှိသေးတာနဲ့ ပတ်သက်လို့ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့က ILOညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို ဝေဖန် ထောက်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။
-
2011-06-09 -
-
-
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ (အိုင်အယ်လ်အို) ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ဌာနချုပ်တွင် ညီလာခံ ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP
Convention 87 လို့ခေါ်တဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းပိုင်ခွင့် ကိစ္စတွေကို မနေ့က ILO ညီလာခံမှာ ဆွေးနွေး ကြပါတယ်၊ အဲဒီဆွေးနွေးမှုဟာ ဇွန်လ(၁) ရက်ကနေ (၁၇) ရက်နေ့ကြား ကျင်းပနေတဲ့ ILO အကြိမ် (၁၀၀) မြောက် ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက် ဆွေးနွေးကြတာပဲ ဖြစ်ပြီး၊ ပထမ အကြိမ် ဆွေးနွေးပွဲကတော့ ပြီးခဲ့တဲ့ ဇွန်လ (၄)ရက် နေ့ကပါ။
လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနိုင်ခွင့်နဲ့ ပတ်သက်လို့ ပြည်တွင်း ဥပဒေတွေကို ပြန်လည် ပြင်ဆင် ရေးဆွဲနေကြောင်း မြန်မာ အစိုးရ ကိုယ်စားလှယ်ဖက်က ဖြေကြားခဲ့ပြီး၊ ILO ညီလာခံမှာ တက်ရောက်နေကြတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဖက်ကတော့ မြန်မာ အစိုးရ လုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့ အချက်တွေကို ထောက်ပြ ဆွေးနွေး ကြတယ်လို့ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့က ILO ညီလာခံကို တက်ရောက်နေတဲ့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က RFA ကို ပြောပါတယ်။
"သူတို့ကတော့ ဒီရွေးကောက်ပွဲကြီး ပြီးသွားပြီ။ သမ္မတကြီးကတော့ ဒီလို ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ် ပြောတယ်။ တဖက်ကလည်း လွန်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား၊ အလုပ်သမား သမဂ္ဂက ဖမ်းထားတဲ့ သူတွေ မပါတဲ့ အကြောင်း ပြန်ပြောရတာပေါ့။ အလုပ်သမားတွေဖက်က လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ရှိရင် ပြုပြင် ပြောင်းလဲမှု မရှိတဲ့အတွက် Commission of inquiry ဖွဲ့သင့်ပြီ လို့ ပြောတယ်။ အလုပ်ရှင်ဖက်ကလည်း ဒါကို သဘောတူတယ်။ နအဖအနေနဲ့ သူတို့ကို ပေးထားတဲ့ သူတို့ အချိန်ကို ကျော်နေပြီလို့ ပြောတယ်။ ဒါပေမဲ့ ဥရောပ သမဂ္ဂကနေပြီးတော့ တချက်လောက် စောင့်ကြည့်ပါအုန်းလား။ နိုဝင်ဘာလအထိကို အဲဒီကျမှ နအဖအနေနဲ့ တကယ်ပြောင်းလဲမှု လုပ်ပြီလား ဆိုတာကို ဆုံးဖြတ်ကြတာပေါ့လို့ အဲဒီလို ပြောတာပါ။"
မြန်မာ အစိုးရဖက်က ပြောသလို ပြုပြင် ပြောင်းလဲရေးတွေ တကယ် လုပ်မလုပ် ဆိုတာကိုတော့ ILO အဖွဲ့ဝင် နိုင်ငံတွေက ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပြီး ၊ ပေးထားတဲ့ ကတိအတိုင်း ဖြစ်မလာခဲ့ရင်တော့ အခု လာမယ့် နိုဝင်ဘာလ ILO အုပ်ချုပ်ရေး ဘုတ်အဖွဲ့ ညီလာခံမှာ မြန်မာနိုင်ငံပေါ် ဘယ်လို အရေးယူ ဆောင်ရွက်နိုင်မလဲ ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်၊
ဇွန်လ (၈) ရက် မနေ့က ILO ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လိ ုဆွေးနွေးကြတယ် ဆိုတဲ့ အကြောင်းကိုတော့ မြန်မာ နိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |