ချင်းပြည်နယ်မှာ အဓမ္မအလုပ်ခိုင်းစေမှု ကျဆင်းရေး ILO အရာရှိမျှော်လင့်

ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ မြန်မာနိုင်ငံရုံးခွဲ တာဝန်ခံ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ စတိဗ် မာရှယ်က ချင်းပြည်နယ်မှာ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်း ရရှိရင် သူ့တို့အနေနဲ့ အစိုးရနဲ့တိုင်ပင်ပြီး အရေးတယူ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့်် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers) Photo: Courtesy of Free Burma Rangers)

မစ္စတာ စတိဗ် မာရှယ်ဟာ ဒီလ ၁၇ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့ကို သွားရောက်ခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ၊ ပြည်နယ်အတွင်းမြို့နယ်အသီးသီးက တာဝန်ရှိသူတွေ နဲ့ တပ်မတော်အရာရှိတွေ အပါအဝင် လူပေါင်း ၁၆၀ နီးပါးလောက်နဲ့ အဓမ္မလုပ်အားပေးမှု ပပျောက်ရေး ပညာပေး ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ်ခရီးစဉ်အတွင်း အစိုးရပိုင်းနဲ့သာ တွေ့ဆုံခဲ့တယ် ဆိုပေမဲ့ တခြား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့လည်း အဆက်အသွယ် ကောင်းကောင်း ရှိပါတယ်လို့ RFA ကို ပြောပါတယ်။

“ချင်းပြည်နယ်မှာ အဓမ္မလုပ်အားပေးခိုင်းစေမှု နဲ့ပတ်သက်လို့ အစိုးရနဲ့ မတူကွဲပြားတဲ့ သတင်းတွေ ပေးနိုင်တဲ့ လူထုလူ့အဖွဲ့အစည်းတွေ ၊ တသီးပုဂ္ဂိုလ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျနော်တို့ အဆက်အသွယ် ရှိပါတယ် ။ အခုကျနော်တို့ရဲ့ခရီးစဉ်က အစိုးရအဖွဲ့အစည်းတွေ ၊ တပ်မတော်သားတွေကို အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနဲ့ ပတ်သက်လို့ ပညာပေးတာတွေ၊ ဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ သွားတာပဲ ဖြစ်ပါတယ် ။ အဲဒီအတွက် ချင်းဒေသမှာ နောက်ထပ် အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ မရှိတော့ဘူးလို့ မျှော်လင့်ပါတယ်။ တကယ်လို့ နောက်ထပ် အဓမ္မ လုပ်အားပေး ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ရရှိလ့ိုရှိရင် အစိုးရနဲ့ တိုင်ပင်ပြီး အရေးတယူ လုပ်ဆောင်သွားမှာပါ”လို့ မစ္စတာ စတိဗ် မာရှယ်က ပြောသွားပါတယ်။

ချင်းပြည်နယ်အတွင်း အဓမ္မလုပ်အားပေး ခိုင်းတာ ပပျောက်ရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ မြန်မာနိုင်ငံရုံးခွဲ တာဝန်ခံ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ စတိဗ် မာရှယ်ကို RFA မှ ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org