ILO နှင့် မြန်မာအစိုးရ သဘောတူ စာချုပ် သက်တမ်းတိုးမည်
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် ILO နဲ့ သဘောတူ စာချုပ် သက်တမ်းတိုးဖို့ ILO က ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကတော့ ပြည်ဝင်ခွင့်မရပဲ အိမ်နီးချင်းနိုင်ငံတွေမှာ အချက်အလက် စုဆောင်းနေရပါတယ်။
-
2011-02-23 -
-
-
Your browser doesn’t support HTML5 audio
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ဟာ မြန်မာနိုင်ငံက လူအများစု ကြုံတွေ့နေရတဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု၊ စစ်တပ် ပေါ်တာဆွဲမှုတွေနဲ့ မြေသိမ်းယာသိမ်း ကိစ္စတွေမှာ ထီးထီးရပ်တည် ဆောင်ရွက်ပေးနေတဲ့ တခုတည်းသော နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
ILO နဲ့ မြန်မာ စစ်အစိုးရအကြား သဘောတူထားတဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်နဲ့ လက်တွေ့ လုပ်ငန်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးဖို့ ILO ဒုတိယအကြီးအကဲ Guy Ryder ဦးဆောင်တဲ့ အဖွဲ့ဟာ အခု မြန်မာနိုင်ငံကို ရောက်နေပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့က အစိုးရအရာရှိတွေ၊ အစိုးရ အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ရှိသလို အရေးကြီးတဲ့ ရန်ကုန် ILO ရုံးခွဲ လုပ်ငန်း သက်တမ်းတိုးရေး ကိစ္စတွေကို သဘောတူ လက်မှတ်ထိုးဖို့ ရှိပါတယ်။
ရန်ကုန် ILO တာဝန်ခံ Steve Marshall ရဲ့ အဆိုအရ Mr. Ryder ဟာ အခု ခရီးစဉ်မှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေပါ လေ့လာဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ILO အဖွဲ့အနေနဲ့ လက်တွေ့ လုပ်ငန်းဆောင်ရွက်နိုင်မဲ့အနေအထား၊ လုပ်ငန်းလုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ ရှိသလို တဖက်မှာလည်း တခြားကဏ္ဍတွေ တိုးချဲ့ လုပ်ဆောင်နိုင်မလား ဆိုတာတွေလည်း ဆွေးနွေးဖို့ ရှိသလို မြန်မာအစိုးရရဲ့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ အသစ်ဖွဲ့လိုက်တဲ့ အစိုးရ လူ့အခွင့်အရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်လို့ ရန်ကုန် ILO ရုံးတာဝန်ခံ Mr. Steve Marshall ဆိုပါတယ်။
မြန်မာနိုင်ငံက အခြေခံကျတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ ILO နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာစစ်အစိုးရနဲ့ နောက်တက်လာမဲ့ အစိုးရသစ်အတွက် အပြုသဘော တိုးတက်မှု ဖြစ်တယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတဦးဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီး Human Rights Watch က မြန်မာနိုင်ငံဆိုင်ရာ သုတေသီ David Mathieson က မြင်ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အရေးပါတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Tomas Quintana ကို ဒုတိယအကြိမ် ပြည်ဝင်ခွင့် ငြင်းထားတာဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ သဘောထား မမှန်ကန်တာကို တွေ့ရမှာပါလို့ Mr. Mathieson က ပြောပါတယ်။
သူက လက်ရှိစစ်အစိုးရနဲ့ နောက်တက်မဲ့ အစိုးရသစ်ဟာ မူဝါဒတခုတည်း ဖြစ်သလို လူ့အခွင့်အရေး အခြေအနေအပေါ် သဘောထားလည်း အတူတူဖြစ်တဲ့အတွက် ဘာမှ တိုးတက်လာမဲ့ အလားအလာ မရှိဘူးလို့လည်း သုံးသပ်ပါတယ်။ ဥပမာ အခု ရှေ့နေချုပ်အသစ်ဖြစ်လာတဲ့ ဒေါက်တာထွန်းရှင်ဟာ အရင်စစ်အစိုးရ လက်ထောက် ရှေ့နေချုပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဂျီနှီဗာ လူ့အခွင့်အရေး ဆွေးနွေးပွဲ UPR မှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း လူသိထင်ရှား ငြင်းဆိုခဲ့သူ ဖြစ်ကြောင်း ထောက်ပြပါတယ်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ (AAPP) က ဦးဘိုကြည်ကတော့ ILO နဲ့ လက်တွဲ လုပ်ဆောင်တာ၊ ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို လက်မခံပဲ ပြည်ဝင်ခွင့် ငြင်းတာတွေဟာ မြန်မာစစ်အစိုးရရဲ့ သဘောထား မမှန်ကန်တာကို ဖော်ပြတာ ဖြစ်ပြီး အစိုးရဟောင်းရော၊ အစိုးရသစ်ကပါ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဖော်ထုတ် ထောက်ပြမဲ့သူမျိုးကို လက်ခံမှာ မဟုတ်တာကို လက်တွေ့ ပြလိုက်တာလည်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
မြန်မာအစိုးရသစ်နဲ့ လူ့အခွင့်အရေး ပြဿနာအကြောင်း RFA မှ ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက် |
|
အသံဖိုင်ယူရန် |