IMF က ပေးတဲ့ ဒေါ်လာ သန်း ၃၇ဝ ကျော် စစ်ကောင်စီလက်ထဲမှာ ပျောက်ဆုံးနေ
စစ်တပ်က အာဏာသိမ်းတော့မယ့်ဆဲဆဲ ရက်ပိုင်းအလိုမှာ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ စစ်အာဏာရှင်တွေ လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ IMF က နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
- 2021-11-03
-
-
-
စစ်တပ်က အာဏာသိမ်းတော့မယ့်ဆဲဆဲ ရက်ပိုင်းအလိုမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ စစ်အာဏာရှင်တွေ လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ IMF က နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဒီငွေတွေကို မြန်မာပြည်ပေးပို့ခဲ့တာ ၈ လ ကြာပြီဖြစ်ပေမယ့် စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးနဲ့ ဒုက္ခရောက်နေသူတွေကို ပံ့ပိုးကူညီရေး မူလရည်မှန်းချက်အတိုင်း အမှန်တကယ် သုံးစွဲပါရဲ့လားဆိုတာ မသိရဘူးလို့ IMF ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
လက်ရှိစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလို သုံးစွဲငွေတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ဆိုပါတယ်။ ကိုဗစ် ၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် IMF က ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် ဇွန်လမှာ အမေရိကန်ဒေါ်လာ ၃၅၆ သန်း ကို ပထမအကြိမ် ပေးပို့ခဲ့ပါတယ်။
အဲဒီငွေတွေ နဲ့ ပတ်သက်လို့ NLD အစိုးရက မြန်မာကျပ်ငွေ သန်း ၁ဝဝ ထက် ပိုများတဲ့ ကန်ထရိုက်လုပ်ငန်းမှန်သမျှကို ထုတ်ဖော်အသိပေးဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံးကလည်း ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး သုံးလ တကြိမ် အစီရင်ခံစာ ထုတ်ပြန် အသိပေးဖို့ သဘောတူခဲ့တယ်လို့လဲ ပြောပါတယ်။
မြန်မာနိုင်ငံကို စုစုပေါင်း ပေးပို့ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၇၂၈ သန်းဟာ ကမ္ဘာတဝန်းက ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုသုံးစွဲရေးနဲ့ အခက်အခဲကြုံနေရတဲ့ အိမ်ထောင်စုတွေကို ပံ့ပိုးကူညီရေးအတွက် IMF က ပေးပို့တဲ့ ရန်ပုံငွေထဲက ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးကထဲက ဘာအစီရင်ခံစာမှ ထုတ်ပြန်တာ မရှိဘူးလို့ ဆိုပါတယ်။ နောက်ဆုံးအစီရင်ခံစာကိုတော့ NLD အစိုးရက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး လက်အိတ်၊ နှာခေါင်းစည်းနဲ့ ဆေးဝါးတွေ ဝယ်ယူခဲ့ကြောင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကို IMF က အကူညီတွေ မပေးတော့ဘူးလို့လည်း သိရပါတယ်။