ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်တောင်းဆို

NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ RFA

စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရတဲ့သူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၈ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုတာ ဖြစ်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးဖြစ်ရပ်တွေမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိရမယ်လို့လည်း ပြောထားပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကိုရပ်ပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဖိုးတန်မိတ်ဖက်တစ်ဦးဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့လည်း ဂုဏ်ပြုပြောဆိုထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းဟာ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အမှတ်ရစေတယ်လို့လည်း ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org