ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာသစ် ၁၂ ဦး ထပ်တွေ့
ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ မနက်ထုတ်ပြန်တဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၇၈၇ ဦးအထိရှိလာပြီဖြစ်ပြီး ဒီနေ့မနက်မှာ ထပ်တိုးလူနာသစ် ၁၂ ဦးရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
-
2020-08-30 -
-
-
ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ မနက်ထုတ်ပြန်တဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၇၈၇ ဦးအထိရှိလာပြီဖြစ်ပြီး ဒီနေ့မနက်မှာ ထပ်တိုးလူနာသစ် ၁၂ ဦးရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အသစ်တွေ့ရှိသူတွေထဲမှာ ရခိုင်ပြည်နယ်က ၁၁ ဦးနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ၁ ဦး ပါဝင်ပါတယ်။
ကူးစက်ခံရသူ အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ်ထဲ တရားမဝင် ဝင်ပေါက်တွေကနေ ရောဂါကူးစက်ခံထားရသူတွေ ထပ်မံဝင်ရောက်တာတွေ မရှိစေဖို့နဲ့ ရခိုင်ပြည်နယ်ကနေ တဆင့် တခြားတိုင်းနဲ့ ပြည်နယ်တွေကို ကူးစက်မှု မပျံ့နှံ့စေဖို့ အစိုးရက ကြပ်မတ် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက သြဂုတ်လ ၃၀ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ ကုန်းလမ်းတွေနဲ့ ထွက်သွားသူတွေကို သီးခြား စောင့်ကြည့်နေသလို ကပ်ရောဂါအငယ်စားတွေ ထပ်မပေါ်ဖို့ ရခိုင်ပြည်နယ်ထဲက အသွားအလာကန့်သတ်ထားတဲ့နေရာတွေ၊ ယာယီစခန်းတွေနဲ့ ပြန်လည်လက်ခံရေးစခန်းတွေမှာ ကြပ်မတ်ဆောင်ရွက်ဖို့ လိုတာတွေကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေကိုယ်တိုင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
ပိုးတွေ့သူအရေအတွက်များနေတဲ့ စစ်တွေမြို့မှာ စစ်တွေပြည်သူ့ဆေးရုံ၊ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်း၊ တိုင်းရင်းဆေးရုံတွေမှာ ပိုးတွေ့လူနာတွေကို ထားရှိကုသနေပြီး စစ်တွေတက္ကသိုလ်ကို ယာယီဆေးရုံပြုလုပ်ဖို့ စီစဉ်နေသလို လိုအပ်မယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်ကိုလည်း ယာယီဆေးရုံအဖြစ် ဆောင်ရွက်သွားဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။