တိုက်ပွဲတွေကြောင့် စစ်တွေမှာ ဒုက္ခသည် ငါးထောင်နီးပါးရှိလာ
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲတွေကြောင့် စစ်တွေမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အခုဆိုရင် ငါးထောင်နီးပါး ရှိလာပါပြီ။
-
2020-08-10 -
-
-
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကြက်ယက်ကိုင်းရွာသား ၃၀ ကျော်ဟာ မနေ့က စစ်တွေမြို့က ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကျောက်တော်မြို့က စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီမှာ စစ်ဘေးဒုက္ခသည်တွေ များလာပြီး နေထိုင်ရေး အဆင်မပြေတဲ့အတွက် စစ်တွေမြို့ကို ထပ်မံထွက်ပြေးလာတာလို့ မနေ့က စစ်တွေမြို့ကို ရောက်လာတဲ့ ဦးအောင်သန်းဝင်းက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ရွာမှာ စစ်သားတွေဝင်လာရင် အိမ်တွေကိုမွှေတယ်။ ပြီးရင် ကျွန်တော်တို့လို အရွယ်တွေဆို မသင်္ကာရင် ဖမ်းတယ်။အဲဒါကိုကြောက်လို့ ကျွန်တော်တို့ ထွက်ပြေးလာခဲ့တာပါ။ ရွာကနေ ပြေးလာတဲ့အချိန်မှာ အရင်ဆုံး ဝဲကြီးထောင်းကျေးရွာမှာ ခဏနေတယ်။ အဲဒီကနေ ကျောက်တော်ကို ကယ်ဆယ်ရေးကားနဲ့ လိုက်ပို့တယ်။ ကျောက်တော်မှာနေတုန်းက စားရတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နေရထိုင်ရ တော်တော်ကျပ်တည်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီကို ထွက်ပြေးလာခဲ့တာပါ”
အဲဒီကြက်ယက်ကိုင်းရွာကနေ သူတို့ထွက်ပြေးလာပြီး တစ်ပတ်လောက်အကြာမှပဲ သူတို့အိမ်တွေ မီးရှို့ခံလိုက်ရတယ်လို့လည်း ဦးအောင်သန်းဝင်းက ပြောပါတယ်။
ဒါကြောင့် ဘယ်အချိန် ရွာပြန်နိုင်မလဲ မသိနိုင်တဲ့ အခြေအနေမှာ ဒီစစ်ဘေးဒုက္ခသည်စခန်းမှာပဲ နေ့စား အလုပ်လုပ်ရင်းနဲ့ နေသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သူတို့နဲ့ အတူထွက်ပြေးလာတဲ့ ဦးကျော်ဦးမောင် က ပြောပါတယ်။
“ကိုယ့်ရွာကိုပြန်သွားရဖို့က ခန့်မှန်းလို့မရတော့ဘူး။ ဒီစစ်ဘေးဒုက္ခသည်စခန်းနေ ဝန်ချ ဝန်တင် အလုပ်ပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်စားသွားတော့မယ့်လို့ သတ်မှတ်ထားပါတယ်”
အခုသူတို့ခိုလှုံနေတဲ့ ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ စဖွင့်တာပါ။ အဲဒီဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ် နှမဒါကျေးရွာက ရွာသား ၇၀ ကျော်လည်း ခိုလှုံနေပါတယ်။
ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အလှူရှင်တွေရဲ့အကူအညီနဲ့ အဓိကရပ်တည်နေကြရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ အဲဒါကြောင့် လိုအပ်ချက်တွေ အများကြီးရှိတယ်လို့ စခန်းတာဝန်ခံ ဒေါ်ဖြူဖြူသန်းက ပြောပါတယ်။
“အခုလက်ရှိအခြေအနေမှာ စားနပ်ရိက္ခာတွေ အများကြီး လိုအပ်တယ်။ နောက်ပြီးရင် သူတို့ရဲ့ကျန်းမားရေး၊ အိမ်သာတို့၊ ရေချိုးခန်းတို့ အဲဒါတွေလည်း အခက်အခဲကြုံတယ်။ စားဝတ်နေရေးလည်း အခက်အခဲကြုံတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေကို အန်တီတို့လည်း ဘုရားသိမ်မှာပဲ ထားရတယ်။ အဲဒီဒုက္ခသည်တွေအတွက် အဆောင်တွေလည်း ဆောက်ပေးဖို့ လိုအပ်ပါတယ်။”
မနေ့က ထပ်ပြီးရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မနေ့က တင်ပြထားတယ်လို့ ဒေါ်ဖြူဖြူသန်း က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တင်ပြစာ ရလာလို့ရှိရင် အကူအညီတွေပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
“အခုလာတဲ့သူလည်း ရှိကောင်းရှိမယ်ပေါ့နော်။ အရင်ရှိတဲ့သူတွေလည်းရှိကြတယ်ဆိုတော့။ သူတို့က ကျွန်တော်တို့နဲ့ အဆက်အသွယ်ရရင် ဘေးစီမံက ပံ့ပိုးပေးတာတွေက ရှိတယ်။ ဘယ်နေက ပြောင်းရွှေ့ ပြီး ရောက်ရှိလာပါတယ်။ ဘယ်နေရာမှာ ခိုလှုံနေပါတယ်။ အဲဒီလိုမျိုး သတင်းပေးလို့ရှိရင်တော့ အဲဒီသတင်းကို ကျွန်တော်တို့ကနေပြီးတော့ ဘေးစီမံကို လှမ်းပို့တယ်ပေါ့နော်။ ဘယ်နေရာမှာတော့ စစ်ဘေးရှောင်ပြီးတော့ ရောက်နေတဲ့လူဦးရေ ဘယ်လောက်ရှိတယ်။ ဘယ်နေရာကလာကြတယ်။ အဲဒါကြောင့် ကူညီပေးဖို့ ကျွန်တော်တို့ ချိတ်ဆက်ပေးပါတယ်။”
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့အထိ ခုနစ်သောင်းရှစ်ထောင်ခန့်ရှိတယ်လို့ အစိုးရအဖွဲ့ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီအထဲက လူပေါင်း လေးထောင့်ကိုးရာကျော်ဟာ စစ်တွေမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းပေါင်း ၃၀ နဲ့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။