အင်းတော်မှာ တိုက်ပွဲကြောင့် ဒေသခံလေးထောင်နီးပါး ထွက်ပြေး
အင်းတော်မြို့နယ် နန့်သာရွာမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နန့်သာရွာ အပါအဝင် နီးစပ်ရာကျေးရွာ ငါးရွာက ဒေသခံ လေးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2023-04-08 -
-
-
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နန့်သာရွာမှာ ဧပြီလ ၆ ရက်ကစလို့ စစ်ကောင်စီ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ကြားတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နန့်သာရွာ အပါအဝင် နီးစပ်ရာကျေးရွာ ငါးရွာက ဒေသခံ လေးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန့်သာ၊ အောင်းကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ဧပြီလ ၈ ရက် ဒီနေ့အထိ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက အောင်းကုန်းရွာမှာ တပ်စွဲထားတာကြောင့် ဒေသခံတွေ ရွာကိုပြန်မဝင်ရဲကြဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဧပြီလ ၆ ရက်နေ့က နန့်သာရွာအနီးမှာစဖြစ်တာ။ ၇ ရက်နေ့က နန့်သာရွာထဲမှာ ထပ်ဖြစ်တယ်။ အောင်းကုန်းမှာ အခု စစ်ကောင်စီတပ်အင်အား ၅၀ လောက်ရှိနေတုန်းပဲ။ ဒေသခံတွေတော့ ရွာထဲ ပြန်မဝင်ရဲကြသေးဘူး”
ဧပြီလ ၆ ရက် နဲ့ ၇ ရက်အထိ နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ဝန်းကျင် သေဆုံးပြီး KIA ဘက်က တပ်ခွဲမှူးတစ်ဦး အပါအဝင် လေးဦးသေဆုံးတယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူတွေက ပြောပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
နန့်သာရွာအနီး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။