အင်းတော်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဒေသခံတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတစ်ဦး ပစ်သတ်ခံခဲ့ရသလို နောက်တစ်ဦးကတော့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား တွေ့ရစဉ်။ We Love Indaw

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီးနောက် ဖေဖော်ဝါရီလ ၈ ရက် မနေ့က စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတစ်ဦး ပစ်သတ်ခံခဲ့ရသလို နောက်တစ်ဦးကတော့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အင်းတော်မြို့နယ် ပညာရေးမှူးရုံးရှေ့မှာ စစ်ဆေးရေး ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သား တွေဟာ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဒေသခံတစ်ဦးကို PDF နဲ့ ပတ်သက်ဆက်နွယ် တယ်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်သလို ည ၁၀ နာရီ ဝန်းကျင်မှာ မဲဇာရွာကနေ အလယ်ဆိပ်ရွာ ကို မဲဇာရဲစခန်းရှေ့ကနေဖြတ်ပြီး လမ်းလျှောက်ပြန်လာတဲ့ ဒေသခံတစ်ဦးကိုလည်း ပစ်သတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူ မဲဇာကနေ သူ့ရွာ အလယ်ဆိပ်ကို ပြန်လာတာပေါ့။ ရဲစခန်းရှေ့ရောက်တော့ အပစ်ခံလိုက်ရတာ။ သူက စိတ်လည်း သိပ်မနှံ့ဘူးလို့လည်း ကြားတယ်ပေါ့။ နောက်ပြီး နေ့လယ်ကလည်း အင်းတော် ကားလမ်းမပေါ်မှာ ဒေသခံတစ်ယောက်လည်း ဖမ်းခံရတယ်”

အဖမ်းခံရသူဟာ မင်းမင်းဦး ဆိုသူဖြစ်ပြီး ပစ်သတ်ခံရသူ အလယ်ဆိပ်ရွာသား အသက် ၄၂ နှစ်အရွယ် ကိုစိုးနိုင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေး သလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီးနောက် စစ်ကောင်စီတပ်သားတွေက အင်းတော်မြို့နယ် က ကျေးရွာတွေမှာ CDM နဲ့ PDF ရှိ၊ မရှိ တစ်ရွာဝင်၊ တစ်ရွာထွက် စစ်ဆေးမေးမြန်းတာ တွေရှိသလို PDF ကို မထောက်ပံ့ဖို့ ခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စတဲ့ မြို့နယ် ၁၁ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသလို ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်မထွက်ရအမိန့်၊ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း လူငါးဦးထက် ပိုမစုရ အမိန့်တွေထုတ်ပြန်ပြီး တင်းကျပ်ကန့်သတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org