မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး 2015 နှစ်မှာ နှစ်ဆတိုးဖို့ သဘောတူ

မြန်မာနဲ့ အိန္ဒိယတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး မှာ အမေရိကန် ဒေါ်လာ ၃ ဘီလျံဖိုး အထိ နှစ်ဆတိုးအောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ မနေ့က သဘောတူညီခဲ့ကြ ပါတယ်။

အဲဒီလို ကုန်သွယ်ရေး သဘောတူညီမှု ရရှိခဲ့တာကို အိန္ဒိယနိုင်ငံ New Delhi မြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေး ကော်မရှင်ရဲ့ စတုတ္ထအကြိမ်မြောက် စည်းဝေးပွဲမှာ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Anand Sharma က ထုတ်ဖေါ် ပြောကြားသွားတာပါ။

လာမယ့် ၂၀၁၅ ခုနှစ်ကို နောက်ဆုံးထားပြီး ဈေးကွက်တွေ တိုးချဲ့သွားမှာ ဖြစ်သလို ကုန်သွယ်ရေး အဟန့်အတား ဖြစ်စေမဲ့ အခွန်ကောက်ခံမှုတွေကိုပါ လျော့ချပေးသွားဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်နိင်ငံအနေနဲ့ စည်းကြပ်ခွန် ကင်းလွတ်ခွင့် ဦးစားပေး စီမံကိန်းမျိုးကို အားပေးတာတွေ၊ အိန္ဒိယ နဲ့ ASEAN နိုင်ငံတွေနဲ့ ဘက်စုံ ကုန်သွယ်ရေး လုပ်ဆောင်နိုင်မဲ့ ကိစ္စတွေကိုပါ လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ ဒီလို ကုန်သွယ်ရေးကဏ္ဍကို ကြိုးပမ်းဆောင်ရွက်ပြီး အိန္ဒိယ နိုင်ငံဟာ မြန်မာရဲ့ အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်တယ်လို့လည်း ဝန်ကြီး Sharmaက ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က ဦးဆောင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယကို မြန်မာက တင်ပို့တဲ့ စုစုပေါင်း ပို့ကုန်ပစ္စည်းရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ လယ်ယာနဲ့ သစ်တောထွက် ပစ္စည်းတွေ ဖြစ်ပါတယ်။ အိန္ဒိယက မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အနက် ၄၅ ရာခိုင်နုှန်းကတော့ ကျွဲသားနဲ့ ဆေးဝါးပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org