အိန္ဒိယမှာ ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်တွေ ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံနေရ

အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ ဖမ်းဆီးခံရထားရပြီး ထောင်တွင်းဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်မှ မြန်မာစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နေစဉ်။ N. Biren Singn/Twitter Photo

အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ ဖမ်းဆီးခံရထားရပြီး ထောင်တွင်းဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်း အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India for Myanmar ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်နဲ့ အာသံပြည်နယ်တွေမှာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ စစ်ဘေးဒုက္ခသည် ၁၇၃ ဦးရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထောင်ချ ခံထားရသူတွေထဲ ထောင်တွင်းမွေးဖွားတဲ့ ကလေးငယ် ခုနစ်ဦး အပါအဝင် အသက် ၁၅ နှစ် အောက် ကလေး ၂၆ ဦးနဲ့ အမျိုးသမီး ၅၃ ဦးခန့် ပါဝင်နေတယ်လို့လည်း India for Myanmar ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။

ထောင်တွင်းမွေးဖွားတဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေး ထိုးခွင့်မရတာ၊ သန့်ရှင်းတဲ့သောက်သုံးရေ မရတာနဲ့ တစ်ပတ် (သို့မဟုတ်) နှစ်ပတ် တစ်ကြိမ်မှ ရေချိုးခွင့်ရတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒီအပြင် ဖမ်းဆီး ထောင်ချခံရသူတွေဟာ ရာဇဝတ်အကျဉ်းသားတွေရဲ့ အနိုင်ကျင့်ခံနေရပြီး မိသားစုတွေနဲ့လည်း အဆက်အသွယ်မရတဲ့အပြင် အရေးပေါ်အခြေအနေကလွဲလို့ ဆေးကုသခွင့်မပေးတာတွေလည်း ဖြစ်နေတယ်လို့ India for Myanmar က ပြောပါတယ်။

အိန္ဒိယမှာ မြန်မာစစ်ဘေးဒုက္ခသည် ခုနစ်သောင်းခန့်ရှိလာပြီး သူတို့ဟာ မီဇိုရမ်၊ မဏိပူရ်၊ အာရုနာချာ၊ နာဂလဲန်းပြည်နယ်နဲ့ နယူးဒေလီမြို့တွေမှာ အများဆုံးနေထိုင်ကြပြီး မီဇိုရမ်ပြည်နယ်မှာတော့ မြန်မာစစ်ဘေးဒုက္ခသည် ငါးသောင်းခန့်အထိ အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်လာကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး စိန်ခေါ်မှု၊ ရေရှည်ရပ်တည်နိုင်ရေး အခက်အခဲနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီမရတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့ကြောင့် အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု ရူထောင့်မပါဘဲ တရားမဝင် ခိုးဝင်လာသူတွေအဖြစ် ရူမြင်နေတဲ့မူဝါဒကို ပြောင်းလဲလာအောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စည်းရုံးတိုက်တွန်းပေးဖို့ အကြံပြုထားပါတယ်။

ဒီ့အပြင် အိန္ဒိယအစိုးရအနေနဲ့ မြန်မာကနေရပ်စွန့်ခွာ ထွက်ပြေးလာရသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ကူညီဆောင်ရွက်ပေးဖို့ India For Myanmar က တောင်းဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အိန္ဒိယ အာဏာပိုင်တွေဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org