စစ်ကောင်စီတပ်သား ၃၀၀ နီးပါး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၈ ဦး ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက ထွက်ပြေးဝင်ရောက်လာတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သား ၂၇၈ ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်နေ့က တွေ့ရစဉ်။ The Lawngtlai Post

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၈ ဦး ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက ထွက်ပြေးဝင်ရောက်လာတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၈ ဦးဟာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ထံ လက်နက်ချ ခိုလှုံခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ကလည်း AA နဲ့ မရာဒေသကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့က ရှင်းလက်ဝ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစခန်းမှာရှိတဲ့ စစ်ကောင်စီ တပ်သား ၁၀၄ ဦး မီဇိုရမ်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။ အဲဒီတပ်သားတွေကို ဇန်နဝါရီ ၉ ရက်နေ့မှာ မြန်မာနိုင်ငံဘက် ပြန်ပို့ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာလည်း ပလက်ဝ နဲ့ ရိခေါ်ဒါရ်မြို့တိုက်ပွဲတွေမှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား နှစ်ရာနီးပါးရှိခဲ့ပြီး အိန္ဒိယက မြန်မာစစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို တပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ သိမ်းယူလိုက်ပြီလို့ ကြေညာထားသလို စစ်ကောင်စီတပ်ရဲ့ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်း၊ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၃ဝ၈)တပ်ရင်း၊ မီးဝဗျူဟာ၊ မြိတ်ဝတပ်စခန်း၊ ခန်ခတောင် ဗျူဟာစခန်း၊ ခလရ ၂၈၉ တပ်ရင်း၊ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ တပ်စခန်းတွေအားလုံးကိုလည်း AA က သိမ်းယူခဲ့ပါတယ်။

နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၆ ဦး အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် MANOJ PANDE က ဇန်နဝါရီ ၁၁ ရက်နေ့မှာပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org