အင်ဖာထောင်မှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြ
မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်ထဲမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ကို ပြန်လွှတ်ပေးရေးအတွက် နိုဝင်ဘာ ၁၀ နေ့ ဒီနေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
-
RFA Burmese
2024-11-10 -
-
-
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်ထဲမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ကို ပြန်လွှတ်ပေးရေးအတွက် နိုဝင်ဘာ ၁၀ နေ့ ဒီနေ့မှာ ဆန္ဒပြတောင်းဆိုနေကြတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
အကျဥ်းချခံထားရတဲ့ မြန်မာအမျိုးသား ၂၇ ဦး ဟာ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတာလို့ ဆိုပါတယ်။
သူတို့ဟာ မြန်မာသံရုံးက ထုတ်ပေးမဲ့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မရသေးလို့ ပြန်ခွင့်မရသေးတာကြောင့် အကူအညီရဖို့ အခုလို ဆန္ဒပြနေတာလို့ အကျဥ်းကျခံထားရသူတစ်ဦးရဲ့ မိသားစုဝင် မရွှေရွှေက RFA ကို ပြောပါတယ်။
“အခုက ကျွန်မတို့ အမျိုးသားတွေ ကျန်သေးတယ်။ သူတို့ကို သံရုံးက မြန်မာဘက်ပြန်နိုင်ဖို့ ကတ်မလုပ်ပေးတာကြောင့် ပြန်လို့မရသေးတာ။ မြန်မြန်ပြန်လွတ်စေချင်တယ်။ အခုဆို လေးနှစ်တောင် ကျော်လာပြီ ထောင်ထဲမှာက အမျိုးမျိုး နှိပ်စက်ခံနေရတာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ပေးစေချင်တယ်”
လက်ရှိ အင်ဖာအကျဥ်းထောင်ထဲမှာ အဖမ်းခံရတဲ့ ရက်ကန်းအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေးရှစ်ဦး စုစုပေါင်း ၅၆ ဦး ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ရက်ကန်းလုပ်နေရင်းနဲ့ အာဏာပိုင်တွေ ဝင်ဖမ်းလို့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရသူတွေ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မြန်မာသံရုံးကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ အီးမေးလ်ပို့ပြီး မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန် ၁၁ ရက်နေ့က စစ်ကောင်စီထံကို ပြန်ပို့ခဲ့သလို မေ ၂ ရက်နေ့ကလည်း မြန်မာ ၃၈ ဦးကို အိန္ဒိယဘက်က ပြန်လွှဲပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။