အိန္ဒိယ-မြန်မာနယ်စပ်မှာ လူခုနစ်ထောင်ကို စိစစ်ပြီး ပြန်လည်ဖြတ်သန်းခွင့်ပြု

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ပြန်လည်ပြင်ဆင်ထားတဲ့ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် စနစ်အရ မြန်မာနိုင်ငံသား ခုနစ်ထောင်ကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပါတယ်။

ZORO အဖွဲ့နှင့် ဒေသခံ‌များ ရိဒ်- ဇိုခေါ်ထာရ် နယ်စပ်ဂိတ်အနီးတွင် FMR မဖျက်သိမ်းရေး၊ နယ်စပ်ခြံစည်းရိုးမကာရေးအတွက် ဆန္ဒပြနေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ပြန်လည်ပြင်ဆင်ထားတဲ့ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် (Free Movement Regime-FMR) စနစ်အရ မြန်မာနိုင်ငံသား ခုနစ်ထောင်ကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့တယ်လို့ The Indian Express သတင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဖြတ်သန်းသွားလာသူတွေရဲ့ ကိုယ်ရေးအချက်အလက် အပါအဝင် ဇီ၀ဆိုင်ရာ အသေးစိတ်အချက်အလက်တွေ ကောက်ယူပြီးနောက် အခုလို ဖြတ်သန်းခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

အရင်က FMR စနစ်ကို ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပေမဲ့ နာဂလန်း၊ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေက နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့နဲ့ ဒေသခံတွေက ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် FMR စနစ်ကို ဖျက်သိမ်းမဲ့အစား ပိုပြီးတင်းကျပ်ဖို့အတွက် ဗဟိုအစိုးရက ဆုံးဖြတ်ခဲ့တာပါ။

ပြင်ဆင်ထားတဲ့ FMR စနစ်သစ် စည်းကမ်းတွေအရ နယ်စပ်ရဲ့ ဆယ်ကီလိုမီတာ (၇ မိုင်ဝန်းကျင်) မှာ နေထိုင်သူတွေဟာ သက်ဆိုင်ရဲစခန်း ဒါမဟုတ် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ထုတ်ပေးထားတဲ့ နေထိုင်ကြောင်း အထောက်အထားကို ပြသရမှာဖြစ်ပါတယ်။

အဲဒီအထောက်အထား ရရှိလာတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ ဓာတ်ပုံ၊ လက်ဗွေ အပါအဝင် ဇီ၀အချက်အလက်တွေကို ကောက်ယူပြီးမှသာ နယ်စပ်ဖြတ်သန်းခွင့် ထုတ်ပေးမှာဖြစ်တယ်လို့ အိန္ဒိယ အာသံရိုင်ဖယ်တပ်ရဲ့ အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။ ဒီလိုဆောင်ရွက်ပြီးရင်တော့ ဖြတ်သန်းခွင့် တစ်ကြိမ်ကို ခုနစ်ရက်သက်တမ်း ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူဝင်ရောက်တာတွေကို လက်ရှိ နယ်စပ်ဂိတ် ၂၂ ဂိတ်ကနေ ၄၃ ဂိတ်အထိ တိုးမြှင့်ခွင့်ပြုသွားမယ်လို့ အာသံရိုင်ဖယ်တပ်ရဲ့ အကြီးတန်းအရာရှိက ပြောပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ (၁၆၄၀) ကျော် မိုင် (၁၀၂၀) နီးပါး ထိစပ်နေပြီး အိန္ဒိယဘက်က နယ်စပ်နေရာတချို့ကို ခြံစည်းရိုး ခတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org