အိန္ဒိယ - မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့က ရိဒ် - ဇိုခေါ်ထာရ်ဂိတ်ကို အိန္ဒိယဘက်ကပိတ်
ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ် - ဇိုခေါ်ထာရ် ဂိတ်တံတားကို အိန္ဒိယဘက်ကနေ ပိတ်လိုက်ပါတယ်။
-
RFA Burmese
2024-04-22 -
-
-
အိန္ဒိယ - မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းပေါ် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ် - ဇိုခေါ်ထာရ် ဂိတ်တံတားကို ဧပြီလ ၁၉ ရက်နေ့ကစပြီး အိန္ဒိယဘက်ကနေ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၇ ရက်နေ့က အသွားအလာတွေကို စတင်ကန့်သတ်ခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အိန္ဒိယဗဟိုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က ကုန်သွယ်ရေးကိုရော၊ လူအသွားအလာကိုပါ အားလုံးပိတ်လိုက်တာလို့ ဆိုပါတယ်။
ချင်းပြည်နယ်က ဒေသခံတွေဟာ အိန္ဒိယဘက်ကတင်သွင်းတဲ့ ကုန်ပစ္စည်းကိုသာ အဓိကဝယ်ယူ အသုံးပြုနေရတာ ဖြစ်တဲ့အတွက် အခုလို ဂိတ်ကိုပိတ်လိုက်တာကြောင့် ကုန်ပစ္စည်း၀ယ်ယူဖို့ အခက်အခဲဖြစ်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိဒ်ခေါဒါရ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၁၇ ရက်နေ့ကတည်းက ကားတွေကို သွားခွင့်မပေးဘူး။ လူတွေ အကန့်အသတ်နဲ့ပဲ သွားလို့ရတာ။ ၁၉ ရက်နေ့ကနေ အခုထိ ပိတ်ထားတုန်းပဲ။ ဗဟိုကအမိန့်လို့ ပြောတာပဲ၊ အိန္ဒိယဘက်ကနေ စားသောက်ကုန်တွေကို အဓိက သုံးနေရတာလေ။ ကလေးမြို့ဘက်ကလည်း လမ်းတွေပိတ်ထားတော့ ရဖို့မလွယ်ဘူး။ အခုလို ပိတ်လိုက်တော့ ကုန်ပစ္စည်းပြတ်လပ်မှာကိုတော့ စိုးရိမ်မိတယ်"
လွတ်လပ်စွာ နယ်စပ်ဖြတ်သန်းသွားလာခွင့် Free Movement Regime ကို အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းဖို့ တရား၀င်ကြေညာထားပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရက ကန့်ကွက်ထားပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေတာဖြစ်ပါတယ်။