နှစ်နိုင်ငံနယ်စပ်လုံခြုံရေး အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေး

စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်တို့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်အား ၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Biju BORO / AFP

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်တို့ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးအတွက် ဇွန်လ ၃၀ ရက်နဲ့ ဇူလိုင် ၁ ရက်နေ့တွေက နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအကြောင်း အပြန်အလှန်ဆွေးနွေး ခဲ့တဲ့ ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။

အိန္ဒိယ ကာကွယ်ရေးအတွင်းဝန်ရဲ့ နှစ်ရက်တာခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယ မီဒီယာတွေက ဆိုပါတယ်။

နေပြည်တော်က ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် တာမျိုးတော့ မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်း ဆက်တည်ဆောက်နေပြီး ဒါဟာ တရုတ်နိုင်ငံဘက် ပါမသွားစေဖို့နဲ့ သူတို့အကျိုးစီးပွားအတွက် ဆက်ဆံနေတာဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) ရဲ့ သဘာပတိ ဆလိုင်းကျုံးဘိခ်ထောင်း (Salai Ceu Bik Thawng) က RFA ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖြေဆိုဖူးပါတယ်။

နောက်ပြီး အိန္ဒိယနိုင်ငံရဲ့ အာဏာရပါတီ Bharatiya Janata Party ဟာ အမျိုးသားရေးနဲ့ ကွန်ဆာဗေးတစ် ပါတီတစ်ခုဖြစ်ပြီး ပါတီနဲ့ ဝန်ကြီးချုပ်ရဲ့ ရပ်တည်ချက်အပေါ် မူတည်ပြီး ဆက်ဆံနေတာလို့ သူက သုံးသပ်ပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ရေဒါ နည်းပညာ၊ အဝေးထိန်းလေကြောင်းရန် ကာကွယ်ရေးလက်နက်၊ ၂၀၂၂ ခုနှစ်အတွင်း မောင်းပြန် ရိုင်ဖယ်နဲ့ စနိုက်ပါမှာ တပ်ဆင်ရတဲ့ အပူပုံရိပ်ပေါ်မြင်ကွင်း၊ ဗုံးနဲ့ လက်နက်ကြီး မှာ သုံးတဲ့ စနက်တံတွေကို ရောင်းချပေးပို့ခဲ့တယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေဟာ မိုင်ပေါင်း ၉၉၀ နီးပါး ဆက်စပ်နေတဲ့ အိန္ဒိယ နိုင်ငံဘက်ကို ၂၀၂၁ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်း စတဲ့ ပြည်နယ်တွေမှာ မြန်မာစစ်ဘေးဒုက္ခသည် ငါးသောင်းဝန်းကျင်ရှိနိုင်တယ်လို့ မတူပီ ချင်းဒုက္ခသည်လူမှု အဖွဲ့အစည်း (MCRC) ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org