ပြန်ပို့ခံရတဲ့ မွတ်စလင် ၇ ဦး ကျောက်တော်ကို ရောက်ရှိ
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ မွတ်စလင် ၇ ဦးကို သူတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွေက ကျေးရွာအသီးသီးကို အစိုးရက ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
-
2018-10-08 -
-
-
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ မွတ်စလင် ၇ ဦးကို သူတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်တွေက ကျေးရွာအသီးသီးကို အစိုးရက ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ဒီနေ့ မနက်က လဝက တာဝန်ရှိသူတွေ ကိုယ်တိုင် မိသားစုတွေထံ ပြန်လည်အပ်နှံခဲ့တာလို့ ခေါင်းတုတ်ကျေးရွာက မွတ်စလင် ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးမောင်သိန်း က ပြောပါတယ်
"သူတို့ ၇ ယောက်ကို မိဘတွေဆီကို တစ်ခါတည်း အပ်လာခဲ့ပါတယ်။ ကျနော်တို့ ကျောက်တော်မြို့နယ်ရဲ့ လဝက ဦးစီးမှူး ကိုယ်တိုင်ပါပါတယ်၊ ပြီးရင် လဝက ဝန်ထမ်းတွေလည်း ပါလာပါတယ်။ မူရင်းအိမ်တွေဆီကို သူတို့ရောက်နေပါပြီ။ သူတို့ကားနဲ့တစ်ခါတည်း မိဘတွေဆီကို လာအပ်သွားတာပါ"
အဲဒီ ၇ ဦးဟာ ကျောက်တော်မြို့နယ် ဈေးဝ မွတ်စလင်ကျေးရွာက ၄ ဦးနဲ့ ဆင်အိုးပေါက်တော မွတ်စလင်ကျေးရွာက ၃ ဦး ဖြစ်ပြီး ခေါင်းတုတ် မွတ်စလင်ကျေးရွာက မော်လဝီဆရာ ဦးနာဆဲကနေတစ်ဆင့် မိသားစုတွေထံ အပ်နှံခဲ့တာလို့ သိရပါတယ်။
အဲဒီမွတ်စလင် ၇ ဦးဟာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar အကျဉ်းထောင်မှာ ၂၀၁၂ ခုနှစ် ကတည်းက ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
သူတို့တွေကို မဏီပူရပြည်နယ်က မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့အနီးမှာ မြန်မာအာဏာပိုင်တွေထံ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။
အဲဒီမွတ်စလင်တွေဟာ အသက် ၁၉ နှစ်ကနေ ၂၅ အထိရှိကြတဲ့ လူငယ်တွေဖြစ်ပြီး အခုတော့ သူတို့ရဲ့မိသားစု ဆွေမျိုးတွေဆီကို အေးအေးချမ်းချမ်းနဲ့ ပြန်လည်ရောက်ရှိနေပြီလို့ မွတ်စလင် ရပ်မိရပ်ဖဖြစ်တဲ့ ဦးမောင်သိန်းက ပြောပါတယ်။