တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ လက်ခံတွေ့ဆုံပြီး အဲဒီအဖွဲ့ ဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်း အတွေ့အကြုံ တင်ပြချက်တွေကို လက်ခံ နားထောင်ခဲ့သလို၊ NLD ရဲ့ လူမှုရေးအလုပ်တွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်မဲ့ အကြောင်းတွေ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။
-
2011-01-14 -
-
-
“သူတို့ကတော့ စောစောပိုင်းကတည်းက မင်္ဂလာမြန်မာ နာမယ်နဲ့ လူမှုရေးတွေ ဘာတွေ လုပ်နေတာလေ။ အဲဒီ အတွေ့အကြုံတွေကို ဒေါ်စုကို လာတင်ပြပြီးတော့ ဒီ NLD က လုပ်မဲ့ လူမှုရေး အစီအစဉ်နဲ့ သူတို့ လူမှုရေး အစီအစဉ်နဲ့ ပေါင်းပြီးတော့ လုပ်ရင် ဘယ်လောက် အတိုင်းအတာအထိ ထိရောက်မယ် ဆိုတဲ့ဟာကို လာဆွေးနွေးတာပါ။ ဆွေးနွေးတာတွေကတော့ လိုတဲ့နေရာတွေမှာ ရေနက်တွင်း တူးဖို့ ကိစ္စတွေ၊ နောက် တခြား လူမှုရေးကိစ္စတွေ ပေါင်းလုပ်လို့ ရမဲ့ အလားအလာတွေကို ဆွေးနွေးတာပါ။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တဖက်မှာ ပါတီတည်ရှိရေး ဥပဒေကြောင်းအရ ရုန်းကန် တိုက်ပွဲဝင်နေရသလို၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကလည်း ကိုယ်တာဝန် ကိုယ်ဆောင်ရွက် နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ အရေးတွေ ဖြစ်တဲ့ ဒီကနေ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မုန်တိုင်းသင့်ဒေသက အခက်အခဲတွေ၊ ချင်းပြည်နယ်က စားနပ်ရိက္ခာ ပြတ်လတ်မှုတွေ၊ ကျန်းမာရေးကိစ္စတွေ စတဲ့ လူမှုရေးတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်နေ့စဉ် လုပ်ငန်းတွေအတိုင်း နိုင်ငံခြားသား ဧည့်သည်တွေကို လက်ခံတွေ့ဆုံပြီး မြန်မာ့အရေးတွေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။