အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲနှင့်အဖွဲ့ စစ်တွေမြို့ကို ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အာရီမူဟာဒီ ဦးဆောင်တဲ့ ၆ ဦးပါ ကူညီရေးအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဖို့အတွက် ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီဝင် ဦးမျိုးသန့်က RFA ကို အတည်ပြု ပြောပါတယ်။

"ပြန်မဲ့ရက်တော့ အတိအကျမသိရသေးဘူး။ ၂ ရက် ၃ ရက် ကြာမယ်လို့တော့ ပြောပါတယ်။ အခုလောလောဆယ်တော့ Camp တွေကိုလိုအပ်တာအတွက် ပံ့ပိုးကူညီဖို့လေ၊ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ အဲဒါလေးတွေ သူတို့လုပ်နေပါတယ်"

အဲဒီ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲဟာ မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာ ဘောလုံးကွင်း ဒုက္ခသည်စခန်းနဲ့ မင်းဂံ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

မနက်ဖြန်မှာလည်း တစ်ခြားကျန်ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို ဆက်လက် သွားရောက်မှာဖြစ်ပြီး စောင်နဲ့ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေကို ပေးအပ် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နေ့လည်ပိုင်းမှာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေအတွက် ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org