အင်ဒိုနီးရှား အထူးသံတမန်အဖွဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား အစိုးရရဲ့ အထူးသံတမန် Dr.Hssaan Wirajuda ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ဝင် (၁၀) ပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ မနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။
-
2012-08-29 -
-
-
ဒီတွေ့ဆုံပွဲမှာ အင်ဒိုနီးရှား အစိုးရရဲ့ အထူးသံတမန် Dr. Wirajuda က ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး ကိစ္စတွေက အဓိက အရေးကြီးကြောင်း၊ လိုအပ်ရင် အကူအညီတွေ ပေးနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။
"ရခိုင် ပြဿနာကလည်း ဖြေရှင်းဖို့နည်း တစ်နည်းကတော့ အခုအတိဒုက္ခရောက်နေတဲ့ လူတွေရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ကိစ္စေတွေကို အရင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့က အရေးကြီးတယ်။ အဲတာပြီးတော့မှ သာလျှင် ဆက်ပြီးတော့ သင့်မြတ်ရေးကိစ္စတွေကို လုပ်ပေးရမယ်။ လုပ်ပေးလို့ ဖြစ်မယ်ဆိုတဲ့ အကြောင်း၊ အဲဒါမှ အောင်မြင်မယ်ပေါ့နော်။ ဒီအချက်ကိုတော့ သူပြောသွားပါတယ်။ အကယ်၍ ကူညီပေးစေချင်တယ် ဆိုလို့ရှိရင်တော့ သူတို့က ဘယ်လို အကူအညီမျိုး လိုတယ်ဆိုတာကို သူတို့ကို ပြောလို့ ရှိရင် သူတို့က ကူညီနိုင်ပါတယ်တဲ့"
ဒါ့ပြင် ရခိုင်ပြည်နယ်က ကိစ္စရပ်တွေကို အစ္စလာမ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်းလည်း အင်ဒိုနီးရှား အထူးသံတမန်က ကတိပြု သွားခဲ့တယ်လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။
မနေ့က တွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးအပြင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဦးစောသန်းမြင့်နဲ့ တခြားပါတီတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။