ဂျာကာတာက မြန်မာ့အရေးဆွေးနွေးပွဲကို ပြည်တွင်းဝါရင့်နိုင်ငံရေးသမားတွေ စာပေးပို့
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြည်တွင်းမှာ လွတ်လပ်ပြီး နိုင်ငံရေးအရ အစဥ်အလာရှိတဲ့ ဝါရင့်နိုင်ငံရေး သမားတွေပါတဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့တာလို့လည်း ပြောပါတယ်။
-
RFA Burmese
2024-10-05 -
-
-
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စာပေးပို့ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ယောက်က RFA ကို ပြောပါတယ်။
မြန်မာပြည်တွင်း ဆွေးနွေးပွဲက သဘောတူညီချက်တွေကို ပေးပို့ခဲ့တာလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
“နိုင်ငံရေး အကျဥ်းသားဟောင်းတွေ များတယ်၊ ဝါရင့်နိုင်ငံရေးသမားတွေများတယ်၊ အဲဒီအဖွဲ့ကိုသွားပြီးတော့ ဒီလိုသဘောထားတစ်ခုထွက်လာအောင်အတွက်ကို seminar လေးတစ်ခုကို အခု ဂျာကာတာပွဲကို စီစဥ်တဲ့လူတွေကပဲ စီစဥ်တဲ့သဘောရှိပါတယ်၊ အဲ seminar လေးကနေပြီးတော့ထွက်ပေါ်လာတဲ့ သဘောထားကို ဂျာကာတာဖိုရမ်ကို ယူသွားတဲ့ အဓိပ္ပာယ်ပါ"
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြည်တွင်းမှာ လွတ်လပ်ပြီး နိုင်ငံရေးအရ အစဥ်အလာရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတွေပါတဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့တာလို့လည်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံအရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန် တွေပါတဲ့ အစည်းအဝေးကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့တာပါ။
ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာအတိုက်အခံအင်အားစုတွေ တက်ရောက်နေကြပါတယ်။
ဒီဂျာကာတာ အစည်းအဝေးကို သတင်းရယူခွင့်နဲ့ မှတ်တမ်းဓာတ်ပုံရိုက်ကူးခွင့် ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။