နာဂဒေသမှာ အသက်ရှူ လမ်းကြောင်းရောဂါနဲ့ ၃၃ ဦး သေဆုံး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ တစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီး ရွယ်အို စုစုပေါင်း ၃၃ ဦး သေဆုံးသွားတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။
-
2016-08-03 -
-
-
Your browser doesn’t support HTML5 audio
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၃၃ ဦး သေဆုံးသွားတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။
လဟယ်မြို့နယ်မှာ ၂၁ ဦးနဲ့ နန်းယွန်းမြို့နယ်မှာ ၁၂ ဦး သေဆုံးခဲ့ပြီး ရောဂါဝေဒနာခံစားနေရ သူတွေကို ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ကုသနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။
"မနေ့က သတင်းအရဆိုရင် ၂၁ ယောက်ရှိပြီ၊ အသက်က ၁၅ နှစ်အောက်တွေများတယ်၊ နောက်သက်ကြီးရွယ်အို က နှစ်ယောက် သုံးယောက်လောက်ပါမယ်၊ ဒီနေ့သတင်းအရ နန်းယွန်းနဲ့ လဟယ်ကြားထဲက ရွာသုံးရွာမှာ ထပ်ပြီးတော့ ကူးနေတယ်ပြောတယ်၊ အဲ့သုံးရွာပေါင်းပြီး လူ ၁၂ ယောက်သေတယ်ပြောတယ်၊ ၂၃ နဲ့ ၂၄ ရက်မှာပဲ မြို့ပေါ်က ဆရာဝန်အပါ ဆေးအဖွဲ့အစည်းက တစ်ယောက်ဦးဆောင်ပြီး သွားကုတယ်၊ ဒါပေမဲ့ ရပ်တန့်သွားတာတော့မရှိဘူး"
ဆရာဝန်တွေရဲ့ ပြောပြချက်အရ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာဖြစ်ပြီး ခန္ဓာကိုယ်မှာ အဖု အပိန့်တွေ ထွက်ရာကနေ မျက်လုံးတွေနီတာ၊ မျက်ရည်ကျတာနဲ့ နောက်ဆုံးမှာ သွေးအန်သေဆုံးတာ ဖြစ်တယ်လို့ ဦးလော်ယုံ က ပြောပါတယ်။
လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ တစ်မြို့နယ်ကို ဆရာဝန်တစ်ဦးစီသာရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေသလို ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ တိုင်းအစိုးရအဖွဲ့ထံ အကူအညီတောင်းထားတဲ့အတွက် ရောဂါဖြစ်ပွားရာ ကျေးရွာတွေကို မနက်ဖြန်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ က စေလွှတ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထပ်မံရောက်ရှိမယ်လို့လည်း ပြောပါတယ်။
အဲ့ဒီရောဂါဟာ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှာ စတင်ဖြစ်ပွားတာဖြစ်ပြီး ထန်ခေါ် နောက်ပိုး၊ စိမ့်ပါး၊ လမ်းတိုင်းနဲ့ ခမ်းလိုင်းရွာတွေအပြင် နန်းယွန်းမြို့နယ်ထဲက ကဲဆန်ဆာလင်၊ ကဲဆန်ကားလန်နဲ့ ကဲဆန်ဘောက်လွန်း စတဲ့ကျေးရွာတွေအထိပါ ကူးစက်ပြန့်ပွားလာတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက စတင်ဖြစ်ပွားတာဖြစ်ပြီး ဒေသခံ ရွာသားတွေက လဟယ်မြို့နယ် ကျန်းမာရေးဌာနထံ အသိပေးခဲ့ပေမယ့် ဆောင်ရွက်ခဲ့တာမရှိဘဲ အခြေအနေဆိုးလာမှသာ သိရတာဖြစ်ကြောင်းလည်း ဦးလော်ယုံ က ပြောပါတယ်။
အဲ့ဒီရောဂါကို လက်ရှိ လဟယ်မြို့နယ်ထဲက ကျေးရွာ ၅ ရွာမှာ လူဦးရေ ၂၀၀ နီးပါး ခံစားနေရပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေဟာ သွားလာရ ခက်ခဲတဲ့ နေရာတွေဖြစ်ပါတယ်။
ဒီအကြောင်း ဦးလော်ယုံ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။