ကယားဝန်ကြီးချုပ်ဟောင်းကို စစ်ဆေးဖို့ အဂတိကော်မရှင်ထံ တိုင်ကြား
ဝန်ကြီးချုပ်ရာထူးကနေ ရပ်စဲခံလိုက်ရတဲ့ ကယားဝန်ကြီးချုပ်ဟောင်းကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တိုင်ကြားထားပါတယ်။
-
စိုးစိုးထက်
2020-09-15 -
-
-
ဝန်ကြီးချုပ်ရာထူးကနေ ရပ်စဲခံလိုက်ရတဲ့ ကယားဝန်ကြီးချုပ်ဟောင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တိုင်ကြားထားပါတယ်။
ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲပြစ်တင်ချက်တွေနဲ့ ဝန်ကြီးချုပ် ရာထူးကနေ ရပ်စဲခံထားရတဲ့ ဦးအယ်လ်ဖောင်းရှိုကို ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားလိုက်တာပါ။
ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က ဝန်ကြီးချုပ်ဟောင်း ငွေကြေးအလွဲသုံးစားလုပ်တာကို ဥပဒေအရ အရေးယူဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အဂတိကိုလည်း တင်ပြီးပြီပေါ့။ ဒါပေမဲ့ အဂတိကတော့ အရေးယူဆောင်ရွက် ပေးမယ် ဆိုတာမျိုးတော့ ဘာမှအကြောင်းပြန်လာတာ မရှိဘူး။ သဘောက ဒီဟာနဲ့ပတ်သက်ပြီးတော့မှ သူတို့က အရေးမယူပေးနိုင်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့က ဒီဟာနဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်အရ မုန်းတီးလို့ လုပ်တာမဟုတ်ဘူးဆိုတာ အရင်ဆုံး ပြောချင်တယ်။ လက်ရှိဝန်ကြီးချုပ်ဟောင်းကနေ ဒီလိုလုပ်သွားတဲ့အပေါ်မှာတော့ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စပေါ့။ နောက်ပြီးမှ ငွေရေးကြေးရေးကို တလွဲသုံးနေတာကလည်း ဥပဒေအရ အရေးယူဖို့လိုတယ်ဆိုတာ ကျနော်တို့ကပြောချင်ပါတယ်။”
ဦးသဲရယ်ဟာ စက်တင်ဘာ ၈ ရက်နေ့စွဲနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌဆီ တိုင်စာ ပေးပို့ထားပြီးဖြစ်ပေမယ့် စက်တင်ဘာလ ၁၄ ရက်နေ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဦးသဲရယ်ဟာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ဖြစ်ပြီး ဦးအယ်လ်ဖောင်းရှို ကို စွပ်စွဲ ပြစ်တင်ခဲ့သူတွေထဲက တယောက်ဖြစ်သလို ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ကယားပြည်နယ် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာအရ ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ပြည်နယ် အစိုးရရဲ့ စက်ယန္တရား ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြင်ဆင်တာတွေနဲ့ပတ်သက်တဲ့ အသုံးစရိတ်ထဲမှာ ကိုယ်ရေးကိုယ်တာနဲ့ ပါတီအတွက် သိန်း ၄၀၀ နီးပါး သုံးထားတာ တွေ့ရပါတယ်။
အခြားအသုံးစရိတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လှူဒါန်း/ထောက်ပံ့ငွေဆိုပြီး သိန်း ၃၆၀၀ ကျော် အသုံးပြုထားတာကိုလည်း စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့က နိုင်ငံတော် သမ္မတရဲ့ ဦးအယ်လ်ဖောင်းရှိုကို တာဝန်ကနေ ရပ်စဲလိုက်တဲ့ အမိန့်စာဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ မိတ္တူပူးတွဲပေးပို့ထားတာလည်း တွေ့ရပါတယ်။
သမ္မတက ဥပဒေကို တိတိကျကျ လိုက်နာသွားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြောပါတယ်။
“အဲမှာကြည့်လိုက်လေ သမ္မတထုတ်တဲ့ အမိန့်ထဲမှာအောက်မှာ ကော်ပီ(မိတ္တူ)တွေ ဘယ်သူပေးထားလဲ အဂတိကို ပေးထားတာလေ။ မိတ္တူကို အဂတိပေးထားတယ်ဆိုတော့ သဘောပေါက်ပေါ့။”
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကတော့ သူ့ကို စွပ်စွဲပြစ်တင်ထားတာတွေနဲ့ ပတ်သက်လို့ မဟုတ် မမှန်ကြောင်း၊ သူ့အနေနဲ့ ဖြေရှင်းပြီးကိစ္စတွေဖြစ်ကြောင်း ပြောထားသလို ဥပဒေနဲ့အညီ စီမံဖြေရှင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရတဲ့ နောက်ဆုံးရက် စက်တင်ဘာ ၃ ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။
“ဥပဒေနဲ့အညီ စီမံဖြေရှင်းဆောင်ရွက်ဖို့ အမြဲတမ်း stand by ပဲလို့ပြောချင်တယ်။”
ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ရပ်စဲလိုက်တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက်ထုတ်ထားပါတယ်။
ဝန်ကြီးချုပ် ရာထူးကနေ ရပ်စဲခံထားရပေမယ့် ဦးအယ်လ်ဖောင်းရှိုဟာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော် မယ်စဲ့မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ပြည်နယ်စာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်တွေအရ ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ရေးကိုယ်တာနဲ့ ပါတီအတွက် သုံးခဲ့တာတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စစ်ဆေးအရေးယူသင့်တယ်လို့ ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ တချို့က လည်း ထောက်ပြကြပါတယ်။
ဦးသဲရယ်ရဲ့ တိုင်ကြားချက်နဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ - သူ့အနေနဲ့ ပြောလို့မရကြောင်း ဖြေပါတယ်။
“တိုင်ကြားစာက ကော်မရှင်ကို ရောက်ပြီဆိုတာနဲ့ ကော်မရှင်ကနေပြီး လျှို့ဝှက်ဘယ်သူပဲ တိုင်ကြားတိုင်ကြား ဒါကျနော်တို့ ဟိုတောသူတောင်သားကပဲ တိုင်ကြားတိုင်ကြား လွှို့ဝှက်ရမည့်အထဲမှာ ပါတယ်။ တိုင်ကြားသူ ကိုယ်တိုင်မေးမှသာလျှင် သူ့ရဲ့ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေ သေချာ ကျနော်တို့စီစစ်ရမည့်ကိစ္စတွေ စီစစ်ပြီးမှသာလျှင် သူမှန်တယ်ဆိုမှသာသူ့ရဲ့ တိုင်ကြားစာ ရောက်ခြင်း၊ မရောက်ခြင်းကို ဖြေရပါမယ်ခင်ဗျား။ ဒါကြောင့်မို့လို တိုင်ကြားစာဒီဟာနဲ့ပတ်သက်ရင် ပေးပို့တဲ့ကိစ္စရပ်သည် ကျနော်တို့ တိုင်ကြားသူကိုယ်တိုင် မေးမှ ဖြေလို့ရတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်လို့ ဖြေကြားပိုင်ခွင့်မရှိပါဘူး။”
ပြည်နယ်စာရင်းစစ်ချုပ်ရဲ့ ၂၀၁၈ ခုနစ်က အစီရင်ခံစာအပေါ် မူတည်ပြီးတော့ ဦးအယ်လ်ဖောင်းရှိုနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး အဖွဲ့က ၂၀၁၈ ခုနှစ်ဆန်းကတည်းက စုံစမ်းစစ်ဆေးခဲ့ဖူးပါတယ်။
စက်ယန္တရား ဝယ်ယူငှားရမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်တဲ့ ပြည်နယ်အစိုးရအဖွဲ့ အရာရှိအချို့၊ မြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာတွေနဲ့ ကုမ္ပဏီတချို့ကို ကြားနာစစ်ဆေးခဲ့တာလို့ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်မောင် က ပြောပါတယ်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ၂၀၁၈၊ သြဂုတ်လ (၁၀)ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားခဲ့တယ်လို့လည်း ဦးမြင့်မောင်မောင်က ဆိုပါတယ်။
အဲဒီအပေါ် ကော်မရှင်က - တိုင်ကြားချက်ပါ အဖြစ်အပျက်ကာလဟာ စတုတ္ထအကြိမ်ပြင်ဆင်တဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မပြဌာန်းမီကကိစ္စ ဖြစ်တာကြောင့် အရေးယူလို့ မရကြောင်း ကယားပြည်နယ် လွှတ်တော် တိုင်စာ ပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ဆီ ၂၀၂၀ ဖေဖော်ဝါရီ ၁၈ မှာ အကြောင်းပြန်ခဲ့ပါတယ်။
ကယားပြည်နယ် လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်မောင်က - အလွဲသုံးစားလုပ်တာတွေကို အရေးမယူရင် ဘယ်အစိုးရတက်တက် ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးနေမှာပဲလို့ ဝေဖန်ပါတယ်။
“သူတို့အုပ်ချုပ်ရေးဌာနက မြို့နယ်ခရိုင် အပါအဝင် အားလုံး ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဟာကိုလွှတ်ပေးထားမယ်ဆိုရင် ကျနော်တို့ ပြည်သူ့ဘဏ္ဍာဟာ ဘယ်အစိုးရတက်တက် ဒီလိုပဲဆုံးရှုံးနေမှာပဲ။ ဒါကိုမှ အရေးမယူဘူးဆိုရင် နောက်ထပ်လည်းဒီလိုမျိုး ဖြစ်လာစရာအများကြီးရှိပါတယ်။ ဖြစ်နေတာလည်းအများကြီးရှိပါတယ်။ ကျနော်တို့ဘက်က ထပ်မံစစ်ဆေးဖော်ထုတ်နေတာရှိပါတယ်။ ဒါကြောင့်မိုလို့ အုပ်ချုပ်ရေးအုပ်စုတစ်ခုလုံးက တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးမှာ ပါဝင်နေတဲ့သူအားလုံးက အုပ်စုဖွဲ့ပြီး အလွဲသုံးစားလုပ်နေတာကို ဘာပဲဖြစ်ဖြစ် အရေးယူဖော်ထုတ်ဖို့ လိုပါတယ်။ ကျနော်တို့အခုလိုလုပ်တာက လူတစ်ယောက်ကိုမုန်းလို့ မဟုတ်ပါဘူး။ ကျနော်တို့အစိုးရ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ အဂတိကင်းတဲ့အစိုးရ ဖြစ်စေချင်လို့ ကျနော်တို့ ဒီလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။”
တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ပြည်သူ့ဘဏ္ဍာငွေစာရင်းထဲ မရောက်တဲ့ ငွေကျပ်သိန်းပေါင်း ငါးထောင် ဝန်းကျင်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဦးအယ်လ်ဖောင်းရှိုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၈ က ကယားပြည်နယ် တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့က တိုင်ကြားခဲ့တဲ့အပြင် ပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေး ကော်မတီကလည်း ဒီကိစ္စတွေနဲ့ ဆက်စပ်လို့ တိုင်ကြားခဲ့ဖူးပါတယ်။
အခု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် တိုင်ကြားမှုနဲ့ဆိုရင် ဦးအယ်လ်ဖောင်းရှိုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ သုံးကြိမ် တိုင်ကြားခံထားရတာဖြစ်ပါတယ်။