ကလေးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ကလေးမြို့နယ်၊ ထိုမာရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2023-06-19 -
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာမှာ ဇွန်လ ၁၈ ရက်၊ ည ၉ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၃ နှစ်အရွယ် ဦးဘဦး သေဆုံးပြီး အသက် ၂၃ နှစ်အရွယ် မနှင်းအိလှိုင် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့ နည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ရာက ရွာထဲကို လက်နက်ကြီးသုံးလုံး ကျရောက်ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အပြန်အလှန်ပစ်ကြတာ အတော်လေးကြာတယ်။ လက်နက်ကြီး သုံးလုံးကျတာ။ နှစ်လုံးက ရွာထဲကို ကျတယ်။ တစ်လုံးက ရွာအနောက်ဘက် ရွာစပ်ကို ကျတယ်"
လက်နက်ကြီးတစ်လုံးဟာ ဦးဘဦး နေအိမ်အနီးကို ကျရောက်ခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သလို နောက်တစ်လုံးကြောင့် မနှင်းအိလှိုင်ရဲ့လက်ကို ထိခိုက်မိပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ရွာထဲကျရောက်တဲ့ လက်နက်ကြီးကျည်ကို ဘယ်အဖွဲ့အစည်းက ပစ်ခဲ့သလဲဆိုတာကိုတော့ ဒေသခံတွေ တိတိကျကျမသိရသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်စပြီး သေဆုံးခဲ့တဲ့ အရပ်သား ၃,၆၆၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။