ပုဏ္ဏားကျွန်းနဲ့ စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းကြောင့် ဒေသခံ ကိုးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီတပ် ဒရုန်းနဲ့ပစ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ခုလည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးကို ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနဲ့ ခမောင်းတောရွာကို နိုဝင်ဘာ ၂၆ ရက်နေ့ မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ခုလည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ခမောင်းတောရွာခံ မဝင်းချေက မျက်လုံးမှာ ဒဏ်ရာရခဲ့ပြီး ရဲရိုးပြင်ရွာခံ ဦးစိန်သာထွန်း ကတော့ လက်မောင်းမှာ ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲကို ဒရုန်းနဲ့အကြောင်းမဲ့ ပစ်ခဲ့တာဖြစ်ပြီး ရဲရိုးပြင်ရွာက ယာယီဘုန်းကြီးကျောင်းလည်း မီးလောင်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

"အဲဒီနေ့က ရွာနားမှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ပေါက်တောဘက်မှာတော့ တိုက်ပွဲဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာနဲ့တော့ အဝေးကြီးပဲ။ ဒီအတိုင်း ဒရုန်းနဲ့ ဗုံးလာချတာ။ ကျွန်တော်တို့ရွာက တစ်ယောက် ဒဏ်ရာရတယ်။ ပြီးရင် ကျွန်တော်တို့ ရွာနား ခမောင်းတောရွာက တစ်ယောက် ဒဏ်ရာရတယ်။ ကျွန်တော်တို့ ရွာက ယာယီဘုန်းကြီးကျောင်းလည်း မီးလောင်သွားတယ်။ ဘုန်းကြီးကျောင်းက မုန်းတိုင်းနဲ့ပါသွားတော့ ဓနိမိုးထားတဲ့ ယာယီကျောင်းပါ"

ဒဏ်ရာရတဲ့သူတွေကိုတော့ လက်ရှိ စစ်တွေဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ အခုလိုထပ်ဖြစ်လာမှာကို စိုးရိမ်ကြောက်လန့်နေကြပေမယ့် ထွက်ပြေးတိမ်းရှောင်တာတော့ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်တွေမြို့နယ် တောကန်ရွာမှာလည်း နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတွေ အပါအဝင် ရွာသား ခုနစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရွာကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်ထဲမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ ဒဏ်ရာရသွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ဒဏ်ရာရတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ကနေ နိုဝင်ဘာ ၂၉ ရက် ဒီနေ့အထိ အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ဒဏ်ရာရခဲ့ပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org