အင်းစိန်ထောင်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရှစ်ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး တစ်ဦးသေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ ထောင်ဝင်စာသွားပို့ခဲ့သူ အကျဉ်းသားမိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့ ဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ Photo : Ka Ka Han(telegram)

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၉ နာရီ မိနစ် ၄၀ အချိန်က အင်းစိန်ထောင်ဂိတ်ဝ အကျဉ်းသားတွေအတွက် ထောင်ဝင်စာ လက်ခံယူတဲ့ ဌာနရဲ့ အတွင်း၊ အပြင် နှစ်ဘက်စလုံးမှာရှိတဲ့ ပါဆယ်ထုတ်တွေထဲက မိုင်းတွေ ပေါက်ကွဲခဲ့တာဖြစ်ပြီး အကျဉ်းဦးစီးဝန်ထမ်း သုံးဦး အပါအဝင် ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။

ဒီဖောက်ခွဲမှုကို သူတို့လုပ်ခဲ့တာလို့ Special Task Agency of Burma(STA) ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ ထောင်မှူးကို ဦးတည်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

STA အဖွဲ့ဆိုတာဟာ စစ်အာဏာရှင်အမြစ်ပြတ်အောင် တိုက်နေတဲ့ မြို့ပြစစ်သည်အဖွဲ့ဖြစ်ပြီး ဘယ်နိုင်ငံရေး အင်အားစု၊ အဖွဲ့အစည်းနဲ့မှ ပတ်သက်ဆက်နွယ်တာ မရှိဘူးလို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။ RFA က အဲဒီဖောက်ခွဲရေးလုပ်ခဲ့တဲ့ STA အဖွဲ့ကို ဆက်သွယ်လို့ မရပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ အကျဉ်းဦးစီးဝန်ထမ်း သုံးဦးနဲ့ ထောင်ဝင်စာလာပို့သူ အရပ်သား ငါးဦး စုစုပေါင်း ရှစ်ဦး ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကတော့ အကျဉ်းဦးစီးဝန်ထမ်း ငါးဦးနဲ့ ကျန် ၁၃ ဦးက ထောင်ဝင်စာ လာပို့တဲ့ အရပ်သားတွေ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဒဏ်ရာရသူတွေ ထဲမှာ အသက် ၉ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေး နှစ်ဦး ပါဝင်ပါတယ်။

ဖောက်ခွဲမှုပြီးနောက် စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့တယ်လို့လည်း ဖောက်ခွဲရေးလုပ်ခဲ့တဲ့ STA အဖွဲ့ကပြောပါတယ်။ စစ်တပ်ဘက်ကတော့ ဖောက်ခွဲမှုဖြစ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ အင်းစိန်ထောင်ကို သွားရောက်ပြီး ဒဏ်ရာရသူတွေကို တွေ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူ ရှစ်ဦးထဲမှာ အသက် ၅၄ နှစ်အရွယ် ဒေါ်ကြီးမြင့်လည်း ပါဝင်ပြီး သူဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းရဲ့ မိခင်ဖြစ်တယ်လို့ ဒီအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံခဲ့တဲ့ ရှေ့နေတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒေါ်ကြီးမြင့်ရဲ့ ရုပ်အလောင်းကို အင်းစိန်ဆေးရုံကနေ ဒီညနေ လေးနာရီမှာ မိသားစုထံ ပြန်ယူခွင့်ရမယ်လို့လည်း အဲဒီရှေ့နေက ပြောပါတယ်။

ဒီနေ့ အင်းစိန်ထောင်မှာ ထောင်ဝင်စာသွားပို့ရင်း ဒီအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံခဲ့သူ အမျိုးသမီးတစ်ဦးကလည်း ပေါက်ကွဲမှုကြောင့် သူကိုယ်တိုင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"ဗုံးပေါက်တာ တည့်တည့်ပဲ၊ ကံကောင်းလို့ မသေဘူး။ ကောင်တာရှေ့မှာ ပြည်သူ တစ်ယောက် လဲကျနေတယ်။ သွေးတွေနဲ့ ပြန်မထနိုင်တော့ဘူး"

ဒီပေါက်ကွဲမှုကြောင့် သူကိုယ်တိုင် ခြေသလုံးနဲ့ ခြေမျက်စိမှာ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး ထောင်ဝင်စာလာပို့တဲ့ အခြား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ STA အဖွဲ့ရဲ့ ဖောက်ခွဲမှုကို ရှုတ်ချတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကော်မတီ (AJMM)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ ဗမာ့လူငယ်ကွန်ရက်၊ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ (YDPB) တို့အပြင် တော်လှန်ရေးအင်အားစု အဖွဲ့တွေက စာထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org