အမုန်းစကားတွေကို ဘာသာပေါင်းစုံ ညီလာခံက ရှုတ်ချ
ဘာသာတရားကို ခုတုံးလုပ်အသုံးချပြီး အငြင်းပွားတာတွေ၊ အမုန်းပွားစေမယ့် စကားပြောတာတွေ နဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အပေါ် ထောက်ပံ့ကူညီသူတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချကြောင်း ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံညီလာခံကြီးက သြဂုတ်လ ၈ ရက်နေ့ မနေ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2017-08-09 -
-
-
ဘာသာတရားကို ခုတုံးလုပ်အသုံးချပြီး အငြင်းပွားတာတွေ၊ အမုန်းပွားစေမယ့် စကားပြောတာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အပေါ် ထောက်ပံ့ကူညီသူတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံညီလာခံကြီးက သြဂုတ်လ ၈ ရက်နေ့ မနေ့က ကြေငြာချက်ထုတ်ပြန် လိုက်ပါတယ်။
ဘာသာတစ်ခုနဲ့တစ်ခု အပြန်အလှန် လေးစားရေးအတွက် ဒီအချက်ကို ကြေငြာချက်မှာထည့်ပြီး ထုတ်ပြန်ခဲ့ တာဖြစ်တယ်လို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ပါမောက္ခ ဆရာတော် အရှင်ကောဝိဒသီရိ က မိန့်ပါတယ်။
"ဘာသာတရားကို ခုတုံးလုပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားတာတွေရှိပါတယ်၊ အဲဒါတွေ Hate Speech လို့ခေါ်တဲ့ မုန်းတီးတဲ့ စကားတွေပေါ့၊ တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်ပြောဆိုတာတွေပေါ့ အဓိက ကတော့ အဲ့ဒါပါပဲ၊ အဲဒါကြောင့်မို့လို့ အချက်တစ်ချက်အနေနဲ့ပါတာက ဘာသာတစ်ခုနဲ့တစ်ခု အပြန်အလှန်လေး စားရေး၊ ဘာသာတစ်ခုနဲ့တစ်ခု မနှောင့်ယှက်ရေးဆိုတဲ့ အချက်ကိုလည်း ဒီအတွက် ထည့်ထားခြင်းဖြစ်ပါတယ်။"
ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကြီးကို သြဂုတ်လ ၅ရက်နဲ့ ၆ ရက်နေ့တွေက ရန်ကုန်မြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီညီလာခံကို အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သီရိလင်္ကာ စတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံက ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် ပြည်တွင်းပြည်ပက ပညာရှင် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ကိုးကွယ်ရာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား အပြန်အလှန် နားလည်မှု လေးစားမှု တည်ဆောက်ဖို့နဲ့ တခြားကိုးကွယ်ရာ ဘာသာတွေရဲ့အရေးကိစ္စတွေမှာ ဝင်ရောက်စွတ်ဖက် နှောင့်ယှက်မှုမလုပ်ဘဲ ထိန်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကိုသာ ဦးတည်ကြတာဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ဘာသာရေးခေါင်းဆောင်အသီးသီးက သူတို့ရဲ့ ဘာသာဝင်တွေကို မှန်မှန်ကန်ကန် သိနားလည်လာအောင် ဟောပြောဖို့လိုတယ်လို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ပါမောက္ခရာတော် အရှင်ကောဝိဒသီရိ က မိန့်ပါတယ်။
ဘာသာပေါင်းစုံညီလာခံကြီးကို အိန္ဒိယနဲ့ ဂျပန်နိုင်ငံ တို့မှာ ပြီးခဲ့တဲ့ နှစ်တွေက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တာဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။
ဒီဘာသာပေါင်းစုံညီလာခံကြီးကို သာသာနာရေးနဲ့ ယဉ်ကျေးမူဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ပါတယ်။