မြန်မာမှာ စစ်အာဏာသိမ်းမှု ပြည်တွင်းပြည်ပ ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် ပြည်တွင်းရော ပြည်ပမှာပါ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်တပ်ကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းပွဲကို ကန့်ကွက်ရှုတ်ချတဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့က ဆန္ဒပြပွဲ။ Photo: AFP

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေကို ပြည်တွင်းရော ပြည်ပမှာပါ ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့ထိ နေပြည်တော် စည်ပင် ဧည့်ရိပ်သာကနေ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD လွှတ်တော်အမတ် ၇၀ စုပေါင်းပြီး လွှတ်တော် ခေါ်ယူလိုက်တဲ့အပေါ် ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ရပ်ကို လက်ခုပ်တီး ထောက်ခံတဲ့ လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာပါ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာစံတော်ချိန် ည ၈ နာရီအချိန်မှာတော့…. အာဏာသိမ်းစစ်တပ်ကို ကန့်ကွက်တဲ့ သံပုံးတီး အာဏာဖီဆန်လှုပ်ရှားမှု တတိယနေ့ကို မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ဆက်လက်ကျင်းပခဲ့ပါတယ်။

ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တော်က နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဂျာမနီရောက် မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံက စစ်အာဏာသိမ်းပွဲကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေတခု ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလ ဖြစ်ပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲကို စည်းကမ်းချက်တွေနဲ့ အညီဖြစ်အောင် ဂျာမနီရဲတွေက အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေက အာဏာသိမ်းစစ်တပ်ကို လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြသလို ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင်သီဆိုခဲ့ကြပါတယ်

အမေရိကန် ပြည်ထောင်စု မီရှီဂန်ပြည်နယ်၊ အီလီနွိုက်ပြည်နယ်၊ အင်ဒီယားနားပြည်နယ်။ နယူးယောက်ပြည်နယ်။ လော့အိန်ဂျလိစ် ပြည်နယ်နဲ့ ဝါရှင်တန်ဒီစီမှာ ဆက်တိုက် ဆိုသလို အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

မစ်ချီဂန်ပြည်နယ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ Battle Creek မြို့တော်ဝန် Spring Field မြို့ရဲ့ မြို့တော်ဝန်နဲ့ မစ်ချီဂန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့ကပါ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင် ရှုတ်ချခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို မီရှီဂန်ပြည်နယ်က ရုပ်မြင်သံကြားအစီအစဉ်တွေမှာပါ ထုတ်လွှင့်ပြသခဲ့ပါတယ်။

အီလီနွိုက် ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေကလည်း ချီကာဂို မြို့တော်ခန်းမရှေ့မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို ချီကာဂိုနဲ့ ဘီးယားစ်တောင်း မြို့တွေက မြန်မာ ၅၀ကျော် ပါဝင်ဆန္ဒပြခဲ့ပါတယ်။

အင်ဒီယားနားပြည်နယ် အင်ဒီယားနားပုလစ်မြို့ မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ရေး ဆန္ဒပြပွဲကို အင်ဒီယားနား ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေက ဖေဖော်ဝါရီ ၃ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက အာဏာသိမ်းစစ်တပ်ကို လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလားတူပဲ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာလည်း ဖေဖော်ဝါရီ ၃ရက်နေ့က မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ရှုတ်ချတဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက မြန်မာနိုင်ငံက စစ်အာဏာသိမ်းပွဲကို ရှုတ်ချဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရှင်သန်ရေးအတွက် သြစတြေးလျနိုင်ငံအနေနဲ့ အကူအညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဥပဒေမဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းကြည်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးဖို့… ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ထောက်ခံကြောင်း၊ အာဏာသိမ်း စစ်အစိုးရ အလိုမရှိကြောင်း ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာတော့… ဖေဖော်ဝါရီ ၄ ရက်နေ့က ထိုင်းစစ်တပ်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းအာဏာသိမ်း စစ်တပ်ရဲ့ လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် နာရွန်ဖန်ဂျတ်ကာဝီက … မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်အာဏာသိမ်းပွဲကို သူ့အနေနဲ့ ဘာမှ မှတ်ချက်ပေးစရာမရှိကြောင်း၊ ဒါဟာ နိုင်ငံရေးပြဿနာသာ ဖြစ်ကြောင်းနဲ့ ထိုင်းစစ်တပ်အနေနဲ့ စစ်တပ်နဲ့ မြန်မာစစ်တပ်နဲ့ တပ်မတော်ချင်း သက်ဆိုင်တဲ့ ကိစ္စကိုသာ ပြောဆိုဆွေးနွေးတာ ရှိတယ်လို့ ပြောသွားပါတယ်။

ဘန်ကောက်မြို့တော်မှာတော့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းပွဲကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါကြတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ဆန္ဒပြပွဲကို ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထိုင်း NGOs အဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ထိုင်းအတိုက်အခံခေါင်းဆောင်တဦးက မြန်မာနိုင်ငံသားတွေက စစ်အာဏာသိမ်း မြန်မာစစ်တပ်ကို ကန့်ကွက်ဆန္ဒပြတာကို အရမ်း ကျေနပ်မိကြောင်း၊ ထိုင်းနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းထားကြောင်း၊ အခုလိုအချိန်မှာ စစ်အာဏာရှင်စနစ်ဆိုတာ လုံးဝပပျောက်အောင် တွန်းလှန်ရမယ့် အချိန်ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံ အားပေးကြဖို့ ပြောသွားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ လုံခြုံရေးအပြည့် ယူထားခဲ့ပေမယ့် ဆန္ဒပြသူတွေကို နှောင့်ယှက်ဟန့်တားတော့ မလုပ်ခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org