ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ ကျင်းပရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ အစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ် Photo: RFA

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတရပ်ထူထောင်ဖို့ အချင်းချင်း အပြန်အလှန် ဆွေးနွေးဆက်ဆံမှုလိုအပ်တယ်လို့ ပြောကြားပါတယ်။

လူ့အခွင့်ရေးကိုလေးစားတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်မယ်ဆိုရင် တယောက်နဲ့တယောက်၊ အပြန်အလှန် ဆွေးနွေးဆက်ဆံမှုရှိဖို့ လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဆွေးနွေးဆက်ဆံမှုဆိုတာ တဖက်သတ်သဘောမဟုတ်ဘဲ နှစ်ဖက်အပြန်အလှန် ဆက်ဆံရေးဖြစ်ကြောင်းလည်း အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဝန်ကြီးဦးအောင်မင်းက ဦးသိန်းစိန် အစိုးရလက်ထက် လူ့အခွင့်ရေးဆိုင်ရာမှာ တိုးတက်မှုတွေထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေကို ဥပမာပေး ပြောကြားခဲ့ပါတယ်။

"၂၁၁ ခုနှစ် ဧပြီလ  ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာဟာ အစိုးရအနေနဲ့စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုရေးတွေကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေထူဖို့အဖြစ်တွေ့နိုင်ပါတယ်၊ အခုအခါ ကျနော်တို့အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်"

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Negan၊  ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ အစိုးရဝန်ကြီးဌာနတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေအကြောင်းကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org