အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လွိုင်ကော်မှာ ကျင်းပ

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပန်ကန်း ရပ်ကွက်မှာရှိတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးရုံးဝင်းမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရုံးဝင်းမှာ ကျင်းပစဉ် Photo: Nay Thwae/RFA

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်မှာရှိတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရုံးဝင်းမှာ ကျင်းပခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အရေးယူနိုင်မယ့် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု အားနည်းနေတယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) လူငယ်အဖွဲ့ဝင် နော်ဖောဝါးက ပြောပါတယ်။

"၅ နှစ်တာကာလအတွင်းမှာ အမျိုးသမီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တော်တော်များများက အသံထွက် လာရဲတယ်ပေါေ့နာ်၊ အရင်တုန်းကရှိတာတောင် လူတွေကသိမှာမဟုတ်ဘူး၊ အခုကျတော့ သူတို့တွေ ခံစားနေ ရတဲ့ဟာတွေ တိုင်တာတို့ပေါ့နော် ဒါကတော့ တစ်စုံတရာ တိုးတက်မှုပေါ့နော်၊ ဥပဒေအရ အကာအကွယ်ပေးနိုင် သလားဆိုတော့ ကျမတော့ တိုးတက်မှုမရှိသေးဘူးလို့ မြင်တယ်ပေါ့နော်၊ ဥပဒေနည်းလမ်းနဲ့သွားရမှာကို သိပ်မသိသေးဘူး၊ ဒါပေမဲ့ သူတို့ဒီလိုကြုံတွေ့နေရရင် တိုင်ရမယ် သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာကို သိလာတယ်၊ ဥပဒေအရလုပ်ငန်းစဉ်က ဘယ်မှာပဲဖြစ်ဖြစ်ကြည့်လိုက်ရင် ရှုပ်တဲ့အခါ သူတို့တွေက ဥပဒေနဲ့ ရင်ဆိုင်ရမယ့်နေရာကျရင် နောက်တွန့်သွားတာတွေရှိတယ်"

အခမ်းအနားမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးဇာတ်လမ်းတိုတွေကို ပြသခဲ့ပြီး တက်ရောက်လာသူတွေကို ဖဲကြိုးဖြူတွေ လိုက်လံဝတ်ဆင်ပေးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၆ ရက်ကြာ အမျိုးသမီးအဖွဲ့တွေက အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

လွိုင်ကော်မြို့က အခမ်းအနားကို ကရင်နီပြည် အမျိုးသမီးကွန်ရက်က ဦးဆောင်ကျင်းပတာဖြစ်ပြီး ကရင်နီအမျိုးသမီး အစည်းအရုံး ၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) ၊ ကယားပြည်နယ် အမျိုးသမီးများအစည်းအရုံး၊ ကရင်နီပြည်လူငယ်များသမဂ္ဂ စတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA သတင်းထောက် မရွှေရည်မဉ္ဇူရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org