သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ထားဝယ်ဒေသခံတွေ ချီတက်တောင်းဆို

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့နယ် က ဒေသခံ ၂၀၀ ကျော်ဟာ ထားဝယ်မြို့နယ်မှာ ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲပြုလုပ်ပြီး သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးအတွက် တောင်းဆိုကြပါတယ်။

နိုဝင်ဘာလ ၂၅ ရက် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့မှာ ချီတက်ဆန္ဒပြစဉ် ဓါတ်ပုံ - ကိုတင့်လွင်(ဟင်္သာ)

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့နယ်က ဒေသခံ ၂၀၀ ကျော်ဟာ ထားဝယ်မြို့နယ်မှာ ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲပြုလုပ်ပြီး သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးအတွက် တောင်းဆိုကြပါတယ်။

ထားဝယ်မြို့နယ်မှာ သက်ငယ်မုဒိန်းမှုတွေ များလာတဲ့အတွက် အများပြည်သူသိအောင်၊ သတိထားမိအောင် အခုလို ချီတက်တောင်းဆိုတာဖြစ်တယ်လို့ ထားဝယ်အမျိုးသမီးများသမဂ္ဂ အဖွဲ့ဝင် မနှင်းနှင်းက ပြောပါတယ်။

"အခုက သက်ငယ်မုဒိမ်းက အရမ်းများလာတယ်ပေါ့နော်။  ထားဝယ်မြို့နယ်မှာပေါ့နော်။ များလာတဲ့ အခါကျတော့ တချို့တွေလည်း  မသိဘူးပေါ့နော်။ ဒေသကသတင်းဆိုရင် ဖော်ပြမှုနည်းတယ်ပေါ့။  အဲ့ဒီလိုမျိုးရှိတယ်ဆိုတာ ကို ပြခြင်းအားဖြင့် တချို့သိလာနိုင်တယ်ပေါ့နော်။  သိလာတဲ့အခါကျတော့ လူတွေကလည်းပဲ သူတို့လည်းပဲ ကာကွယ်ဖို့ နားလည်လာမယ်လို့ ထင်တာပဲပေါ့နော်။"

ဒေသခံတွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ မုဒိမ်းမှုများပပျောက်ရေး၊ သက်ငယ်မုဒိမ်း မှုများ ချက်ချင်းရပ် စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက်ခဲ့တာဖြစ်ပါတယ်။

ချီတက်ပွဲမှာ ပါဝင်သူတွေဟာ ထားဝယ်မြို့ ဗန်းမော်ရပ်ကနေ ဗိုလ်ချုပ်လမ်းနဲ့ ဆေးရုံလမ်းတလျှောက် ချီတက်ခဲ့ပြီး မြို့တော်ခန်းမအထိ လမ်းလျှောက်ကြတာဖြစ်ပါတယ်။

ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲမှာ ထားဝယ်အမျိုးသမီးများသမဂ္ဂ၊ ထားဝယ်လယ်သမားအဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အဖွဲ့ဝင်တွေလည်း ပါဝင်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org